Thursday 15 December 2011

ရေထဲမှာရှင်သန်နေရသော သင်္ဘောသီး

သင်္ဘောသီးဆိုလို့ စားလို့ရတဲ့ သင်္ဘောသီးလို့ မထင်လိုက်ပါနဲ့။ သူတို့ကိုယ် သူတို့ `ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်´ လို့ မော်ကြွားတတ်ကြတဲ့ သင်္ဘောသီးတွေ အကြောင်းပါ။

ကိုယ်တိုင်က သင်္ဘောသီးမဟုတ်တော့ အခေါ်အဝေါ်လေးများ မှားတာရှိရင် ၀န်တာမိပါ။ တွေ့မြင်၊ ကြားသိ နေရတဲ့အကြောင်းလေးပါ။

သင်္ဘောသီးဇာတ်လမ်းကို စရမယ်ဆိုရင် လွန်ခဲ့တဲ့ (၁၄) နှစ်လောက်က လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးကိုပဲ Memory ပြန်ခေါ်ရမှာပဲ။ ဗိုလ်တထောင်မြို့နယ်က သင်္ဘောကုမ္ပဏီတစ်ခုမှာ Computer Operator ရာထူးနဲ့ အလုပ်လုပ်ဖူးတယ်။ လုပ်ရတဲ့အလုပ်ကတော့ Fax ရိုက်တာတို့၊ အဓိက ကတော့ သင်္ဘောသီးတွေရဲ့ Biography ကို Software နဲ့ ဖြည့်ရတာပါပဲ။ (အဲ့ဒီ့အချိန်တုန်းက email သိပ်မသုံးကြသေးဘူးလေ။)

ကုမ္ပဏီပိုင်ရှင်က အသက် (30) ကျော်နဲ့ Captain ဖြစ်ပြီး ချမ်းသာတဲ့ မိသားစုမှ ပေါက်ဖွားတဲ့သူ ဖြစ်ပြန်တော့ မောက်မာပြီး၊ စကားပြော အရမ်းကြမ်းပါသည်။ တစ်ယောက်ယောက်ကို ဟောက်လိုက်ရင် ၀န်ထမ်းများအားလုံး တုတ်တုတ်မျှ မလုပ်ရဲပါ။ ကုမ္ပဏီ အပေါ်ထပ်တွင် သင်္ဘောသီးသင်တန်းလဲ ဖွင့်ထားသဖြင့် အားလုံးကြားနေရပါသည်။ သင်တန်းသားများ ကိုလဲ ဟောက်ပါသည်။ အဲ့ဒီ့အလုပ်မှ ထွက်ခဲ့သော်လည်း အမှတ်တရရှိနေဆဲပါ။

အလတ်မ မှတ်မိ၊ စပ်စုထားသလောက် သင်္ဘောပေါ်မှာ Deck ပိုင်းနဲ့ Engine ပိုင်းဆိုပြီး ရာထူးတွေကို သတ်မှတ်ထားတယ်ဆိုတာပါပဲ။ ရာထူးအကြီးဆုံးကတော့ Captain, ပြီးတော့ Chief Officer, Chief Engineer, 1st Officer (Mate), 1st Engineer, 2nd Officer (Mate), 2nd Engineer, 3rd Officer (Mate), 3rd Engineer, 4th Engineer, JE (Junior Engineer), Bosun, Chief Cook, AB (Able Seaman), R/O (Radio Officer), Oiler, Fitter, Mess Boy, Watch Man, Deck Cadet, Engine Cadet, Training Fitter, Training Oiler ဆိုပြီး ရာထူးမျိုးစုံ၊ အလွှာမျိုးစုံ၊ အဆင့်အတန်းမျိုးစုံ ရှိတယ်ဆိုတာပါပဲ။

သူတို့ ဖာသာ သူတို့ သင်္ဘောပေါ်မှာ ဘယ်လိုရာထူးမျိုးကိုပဲ လုပ်လုပ်၊ ကုန်းပေါ်မှာတော့ သင်္ဘောသီးဆိုပြီး မော်ကြွားတတ်တဲ့လူက ခပ်များများရယ်။ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ တို့ရွာမှာတော့ သင်္ဘောပေါ်တက်တက်ခြင်း AB ဖြစ်တဲ့လူလဲရှိသလို၊ JE နဲ့ တန်းတက်တဲ့လူလဲရှိတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ရင်တော့ ဘယ်အဆင့်ပဲဖြစ်ဖြစ် မျက်နှာမငယ်ရတာတော့ အသေအချာ ပဲလေ။

လမ်းကြောင်းကချော်တော့မယ်။ အလတ်မပြောချင်တာက အလတ်မတို့ ဒီကျွန်းပီစိလေးကို သင်္ဘောသီးလေး တွေ သင်တန်းလာတက်ကြတယ်။ လာတဲ့ သင်တန်းသားတိုင်းကတော့ ဆရာကြီးစတိုင်အပြည့်ပဲ။ နဲနဲမှကို မလျော့။ သင်သန်းသား (၁၀) ယောက်မှာ (၈) ယောက်ကတော့ သောက်တယ်။ မသောက်တဲ့ (၂) ယောက်က ကုလားကားကြည့်တာ ၀ါသနာပါရင်ပါ၊ မပါရင် QQ ၀ါသနာပါတယ်။ တချို့ကျတော့ ဘက်စုံ ထူးချွန်ပြန်ကော။ သင်တန်းတက်ချိန်မှာတော့ စာသင်ပြီး ကျန်တဲ့အချိန်မှာ သင်္ဘောကျောင်းဝင်းထဲက အမှိုက်ပုံမှာ သံချေးခါက်သူခေါက်၊ အိမ်သာဆေးသူဆေး၊ အမှိုက်လှဲသူလှဲ၊ ဂဟေဆော်ချင်ဆော်၊ ခိုင်းသမျှ မညည်းမညူလုပ်ရတဲ့ဘ၀။ ဒါကိုတောင် တို့ရွာက လူတွေ သင်တန်းသားဖြစ်ချင်လို့ တန်စီပြီးစောင့်နေတဲ့တာ တပုံကြီးရယ်။

တချို့သင်္ဘောသီးလေးတွေဆို တံတွေးထွေးလို့ အပြစ်ပေးခံတာလဲရှိသေး။ ရွာက အကျင့်တွေက ပါလာသကိုး။ ရွာကလွဲလို့ နိုင်ငံခြားတော်တော်များများမှာ ဘယ်သူမှ လမ်းပေါ် အမှိုက်မပစ်ကြဘူး။ ရွာမှာပဲ ကွမ်းတံတွေးလေး ပစ်ခနဲထွေးလိုက်၊ အမှိုက်လဲ ဖတ်ကလဲ ပစ်လိုက်။ အလုပ်ကိုဖြစ်လို့။

ထားပါတော့လေ။ သူတို့တွေ ကိုယ့်မြို့ကို လာလည်တာဖြစ်ဖြစ်၊ ကိုယ်ကပဲ ကိစ္စရှိလို့သွားရင်း ကြုံတာပဲဖြစ်ဖြစ် မိတ်ဆက်ပေးကြတော့လဲ သူတို့အကြောင်းလေးတွေကို သိလာရတာပေါ့။ အဲဒါကြောင့်လဲ ဒါလေးရေးဖြစ် သွားတာပါ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ကောင်းတဲ့လူတွေလဲ ပါပါတယ်။ တချို့ကောင်လေးတွေဆို မိဘကချမ်းသာတယ်၊ ရာထူးလဲရှိတယ် သူတို့သားကို မနိုင်လို့ သင်္ဘောပေါ်အတင်းလွှတ်လိုက်တယ်။ ဘာပြောကောင်းမလဲ နဂိုထဲက လေကြီးပါတယ်ဆို အခု သင်္ဘောသီးဆိုတဲ့ နာမည်ပါ တပ်လိုက်တော့ လိုက်လို့ကို မမှီတော့ဘူး။ စိတ်ရင်းလေးတော့ ကောင်းရှာပါတယ်။ သောက်တာလေးနဲ့ QQ လုပ်တာလေးက လွဲရင်လို့ ပြောရမလိုဖြစ်နေပြီ။ :P

Q တာကတော့ ဘာပြောကောင်းမလဲ? ဟိုမှာလဲ ရည်စားတွေတပုံကြီး မိန်းမလှကျွန်းလို့ခေါ်တဲ့ ဒီကျွန်းကိုရောက်လာတော့ ပိုဆိုးပေါ့။ ဒီကျွန်းပိစိမှာ ရွှေယောက်ျားလေးထက် ရွှေမိန်းခလေးတွေများတယ်။ အဖော်မရှိ၊ စကားပြောဖော်မရှိတဲ့ ရွာသူလေးတွေက သူတို့အတွက် ဂွင်ပေါ့။ သူတို့ကျောင်းက သူတို့ သင်တန်းသားလေးတွေကို မုန့်ဖိုးပေးပါရဲ့။ ရတဲ့ မုန့်ဖိုးက အရက်ဖိုး၊ ဘီယာဖိုးနဲ့လောက်တောင် မလောက်ဘူး။ ဒီတော့ ရွာသူလေးက ဖုန်းခေါ်ပေါ့။ တော်သေးတယ် သူတို့က နားထောင်ဖော်ရလို့။ :D တချို့များဆို ကုလားကြည့်တာ မုန့်ဖိုးကိုတောင် ပေါင်ပြီး ကြည့်ကြတယ်။ ငါ့လက်ထဲ အခုတော့ပိုက်ဆံမရှိဘူး။ ငါ့မုန့်ဖိုးနဲ့ ချမယ်ကွာဆိုတာကရှိသေး။ အော် ၀ါသနာကြီးပါပေ့။

အမယ်.. တချို့ သင်္ဘောသီးလေးတွေ ကံကောင်းချက်ကတော့ လိုက်မမှီပေါင်တော်။ (၃) ယောက်သား ဘီယာစုပြီးဝယ်ကြတယ် ပိုတဲ့ပိုက်ဆံကို ဒီနိုင်ငံက ခဲခြစ်ထီကို ၀ယ်ပြီး ၀ိုင်းခြစ်ကြတယ်။ တစ်ယောက်က Three in One လို့ ထအော်တယ်။ အဲ့ဒီ့မှာ ပေါက်တဲ့ တစ်ယောက်ကလဲ အကုန်မခြစ်ရသေးတော့ Yes ပေါ့။ Yes အဖြေကောင်းတာ ယူရို (၁) သောင်းကို (၃) ယောက်ခွဲပေးရလေသတည်းပေါ့။ အလတ်မကို အဲ့ဒီလို့ 3 in 1 တွေ 4 in 1 တွေ လာအော်လို့ကတော့ No.. တော့မယ်.. :D

အီးလိုကောင်းတဲ့ သင်္ဘောသီးလေးတွေကျတော့ ရွာသူကိုမကြိုက်ဗျ။ ဖားမလေးတွေ၊ ဘူဂေးယီးယားမလေးတွေ၊ အာမေးနီယားမလေးတွေနဲ့ ဟိုတယ်ကို လည်လည်သွားသဗျ။

ကိုရွှေ သင်္ဘောသီးလေးတွေအကြောင်းတော့ ပြောမဆုံးပေါင်ပဲဗျို့။ သူတို့အချင်းချင်းပြောနေတာ ကြားဖူးတာတော့။ ဘာတဲ့။ ``မင်းတို့ `နှစ်သီးစား´ သိပ်မလုပ်နဲ့နော်။ အသက်ကြီးရင် ခံရလိမ့်မယ်တဲ့။´´ အလတ်မတော့ နားမလည်ပေါင်။

သင်္ဘောသီးအကြောင်းရေးရတာ မီးမီးကြောက်ကြောက်ရယ်။ တော်ကြာကိုယ့်ကို လာသတ်နေမှ ဒုက္ခ။ လက်ကလဲ မရေးရင် မနေနိုင်တာကလွဲလို့ ဖြစ်နေပြီ။ သင်တန်းသား သင်္ဘောသီးလေးတွေနဲ့ ရွာသူလေးများ ရည်စားဖြစ်ကြတာတွေလဲ ရှိသလို၊ QQ အဆင့်ပဲလဲရှိပ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုအချိန်ထိ ဒီက ရွာသူနဲ့ `ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း´ သတင်းတော့ မတွေ့ရတာ အမှန်ပေ။ ရွာသူတွေပဲ ညံ့လို့လား? သင်္ဘောသီးတွေပဲ လည်လို့လားတော့ တိဝူး။

တခြား ကုမ္ပဏီနဲ့လာတဲ့ သင်္ဘောသီးလေးတွေအကြောင်းကတော့ ရွာက စာချုပ်နဲ့ ဒီမှာပေးတဲ့ လစာ မတူလို့ ပြဿနာတက်ပြီး ရဲတိုင်၊ တရားစွဲတွေကလဲ ရှိသေးတယ်။ နောက်ဆုံးတော့ လည်သူစားဆိုသလို ကုမ္ပဏီကပေးသလောက်နဲ့ ပြန်ရတော့ပေါ့။ သူများနိုင်ငံမှာ နေစရိတ်၊ စားစရိတ်ကြီးရတဲ့ ကြားထဲ အမှုစရိတ်နဲ့ဆို လူပေါင်တောင် လက်ခံမဲ့လူမရှိတော့ အောင်ဖေညောင်းရတော့တာပေါ့။

စကားအမျိုးမျိုးပြောတတ်တဲ့ Gay သင်္ဘောသီးတစ်ယောက်ဆို လူခေါ်ပေးမယ်ဆိုပြီး အေးဂျင့်ခ ဒေါ်လာ 2500 ရိတ်သွားပြီး ရွာမှာ ဘယ်အချိန် သူ့အိမ်သွားချောင်းချောင်းမတွေ့ရတော့ပါတဲ့။ အော်.. ဒီလောက် ဒေါ်လာက ဘယ်နှစ်နှစ် စားရမှာမို့လဲ? အင်းပေါ့လေ... စရိုက်ဆိုတာထက် ဗီဇပါလာတဲ့လူကို ဘယ်လိုပြင်ပြင် ပြင်ရရိုးထုံးစံမှ မရှိသကိုး။

အလတ်မ အခုလေ့လာမိသလောက် သင်္ဘောသီးတွေအကြောင်းဆိုရင် မြန်မာလူမျိုးစစ်စစ် သင်္ဘောသီးထက်၊ တိုင်းရင်းသားလူမျိုး သင်္ဘောသီးများကတော့ တော်တော် အဆင်ပြေကြတာများပါသည်။ အလတ်မသူငယ်ချင်း (ကရင်လူမျိုး) ဦးလေးဆိုရင် အင်းစိန်၊ တောင်သူကုန်းမှာ (၂) ထပ်တိုက်၊ အပြင်ဘက်က ကြည့်ရင်တော့ (၂) ထပ်၊ မြေအောက်ခန်းနဲ့ အကောင်းတကာ့အကောင်းဆုံးပစ္စည်းတွေနဲ့ မြင်ရတော့ ၀မ်းသာကြည်နူးဖြစ်မိတယ်။

အမေ့ဘက်ကအမျိုး အလတ်မ ၀မ်းကွဲအစ်ကိုကျတော့ ဟိုး.. အလတ်မတို့ နှပ်ချေးတွဲလောင်းထဲက သင်္ဘောလိုက်တာ အခုလဲ သင်္ဘောလိုက်တုန်းပဲ။ သား (၄) ယောက်၊ သမီး (၂) ယောက်နဲ့ သာကေတမှာ အခုထက်ထိ ပျဉ်ထောင်အိမ်က မတတ်တော့ဘူး။ သား (၃) ယောက်က သင်္ဘောသီး တစ်ယောက်မှ အဖေကိုလှည့်မကြည့်ဘူး။ အခုဖအေက နိုင်ငံခြားသင်္ဘောလိုင်း မဟုတ်တော့ဘူး ပြည်တွင်းသင်္ဘော လိုက်လေရဲ့။ သူတို့ ပိုက်ဆံရှိတဲ့အချိန်တုန်းက မောက်မာချက်ကတော့ ပြော ပြောချင်ပါဘူး။ သုံးလိုက် ဖြုန်းလိုက်ကြတယ်ဆိုတာ ဘီလီယံနာတောင် လိုက်မှီမယ် မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးဆိုတော့ မခေါ်ရင်ရတယ် မတော်လို့ကမရဘူးလေ။

မြန်မာ့အသံက သူငယ်ချင်းရဲ့ သင်္ဘောသီးကျတော့ တမျိုးဗျ။ အလတ်မတို့ မြန်မာ့အသံက အစ်မတွေက ယောက်ျားမယူခင် (၆) လ ဆေးကြိုပြီးစစ်တဲ့ အလေ့ရှိကြတယ်။ (ဟိဟိ အလတ်မလဲ ချစ်ချစ်နဲ့ မစေ့စပ်ခင်တုန်းက စစ်ခိုင်းတယ်။ ပွစိပွစိနဲ့ စစ်ပေးရှာပါတယ်။) သူငယ်ချင်းကလဲ သူ့သင်္ဘောသီးကို ဆေးစစ်ဖို့ ပြောတာပေါ့။ သူတို့ (၂) ယောက်ကြိုက်လာတာ (၇) နှစ်လောက်ရှိပြီ။ အဲဒါကို အဲ့ဒီ့ ကိုရွှေသင်္ဘောသီးကလေ `သင်္ဘောမတက်ခင်လဲ စစ်ရတယ်။ သင်္ဘောပေါ်ရောက်တော့လဲ စစ်ရတယ်။´ သူ့ကို မယုံလို့လား ဘာလား ညားလားနဲ့ စကားတွေများကြတယ်ဗျာ။ သူငယ်ချင်းကလဲ မာနကြီးကြီးမို့ ဆေးမစစ်ရင် မယူနိုင်ဘူးဆိုပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ကွဲသွားကြတယ်ဗျာ။ အလတ်မ သူငယ်ချင်းကတော့ နောင်တမရ `ရေးချ´ မရပါ ရှင့်။ (ကိုယ့်ချစ်သူစစ်ခိုင်းတာပဲ စစ်ပေးလိုက်ရင် သေသွားမှာ မှတ်လို့)

ကုမ္ပဏီမှာလုပ်တုန်းက Bosun တစ်ယောက်အကြောင်းကို မှတ်မိနေသေးတယ်။ Form ဖြည့်တုန်းကတော့ လိပ်စာက `ဒလ´ လိပ်စာနဲ့ပေါ့။ ဖုန်းနံပါတ်ကပါတော့ ရုံးကနေ Bosun ပြန်ထွက်ဖို့ ဆက်သွယ်တိုင်း သူ့အိမ်က `မရှိဘူး´ `အပြင်သွားတယ်´ `ခရီးသွားနေပါတယ်´ နဲ့ပဲ ကြုံနေရတယ်။ ပြန်လာရင်ပြောပေးပါဆိုတော့လဲ မလာဘူးက ခပ်များများ။ နောက်ဆုံးတော့ ရုံးကိုလာတဲ့ လူတိုင်းနဲ့ပဲ မှာရတော့တာပေါ့။ ဘယ်ဟုတ်မလဲ Bosun က နောက်ဆုံးတော့ `အငယ်လေးတို့ရွာ´ မှာ `အငယ်လေးနဲ့´ ပျော်နေတာကိုး။ အဲ့ဒါကြောင့် မယားကြီးက မရှိ၊ မသိ၊ မလာ လုပ်နေတာကိုး။ နောက်ပိုင်းလူတွေကျတော့ ရုံးကလူတွေ လည်သွားပြီ။ လိပ်စာ (၂) ခုရှိရင် (၂) ရေးပါလို့ ပြောရတဲ့ ဘ၀ရောက်သွားပါလေသတည်းပေါ့။

အလတ်မသူငယ်ချင်း အရှည်ကြီးသင်္ဘောသီးဆိုရင် အရက်တော့ မသောက်ဘူး။ ဖဲရိုက်တယ်၊ ဂျင်ကစားတယ်၊ ချဲထိုးတယ်၊ လောင်းကစားမှန်သမျှ သူအကုန်လုပ်တယ်။ သူများတွေ သင်္ဘောတက်ဖို့ သိန်း (40) ဆို သူ့အမေက (80) ကုန်တယ်။ ညာညာပြီးတောင်းလို့။ သူ့အမေက ရွှေဟမ်းချိန်းလုပ်ပေးထားတယ်။ သူ့ပိုက်ဆံအိတ် ထဲမှာ ရွှေနဲ့အရောင်တူတဲ့ ဆင်တူဟမ်းချိန်းတခုက ရှိသေးတယ်။ အစစ်ကိုပေါင်တဲ့အချိန်မှာ အတုကို သူ့အမေ မြင်အောင်ဝတ်ပြရတာကိုး။ သူ့အိမ်မှာ အငယ်ဆုံးဆိုတော့ ဆိုးသလောက် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ အရမ်းအနစ်နာခံတယ်။ အလတ်မ ရုံးနားရက်ဆို `အာလာဒင်´ `Happy World´ တို့မှာ ဖဲဆော့ကြတယ်။ အလတ်မ ဒီကိုထွက်လာတော့ အရှည်ကြီးလဲ သင်္ဘောကို တတိယ အကြိမ်ပြန်တက်တဲ့အချိန် သူ့အဖေဆုံးသွားတယ်ဆိုတာ ကြားရပေမယ့် အန်တီက မပြောနဲ့ဆိုလို့ မပြောဖြစ်ဘူး။ အခုတော့ သူငယ်ချင်းတွေ တကွဲတပြားနဲ့ အလတ်မ ဖုန်းခေါ်မှ အဆက်အသွယ်ရတဲ့ ဘ၀ကို ရောက်ကုန်ပါပြီ။

အလတ်မ မောင်လေးတစ်ယောက်ကျတော့ ကိုးရီးယားလိုင်းမှာ သင်္ဘောလိုက်တယ်။ သင်္ဘောပေါ်မှာ ဒဏ်ရာရတယ်။ (15) ရက်လုံးလုံး ဒဏ်ရာနဲ့ လူးလိမ့်ခံရတယ်။ ကနေဒါကို သင်္ဘောကပ်မှ ဆေးရုံးတက်ခွင့်ရပြီး ညာခြေတစ်ဖက် စတီးချောင်းအစားထိုးနဲ့။ ဘယ်ခြေထောက်က အသားတွေကြေသွားလို့ မနည်းကုယူ ရတယ်။ ဆေးရုံက ဆင်းခွင့်မပြုတာတောင် ကုမ္ပဏီက မြန်မာပြည်အတင်းပြန်လွှတ်လို့ ကနေဒါမှာရှိတဲ့ မြန်မာတွေကကူညီလို့ ဂျိုင်းထောက်ဘ၀မရောက်ပဲ (၂)နှစ်လုံးလုံး ဆေးကုခဲ့ ရတယ်။ မြန်မာပြည်က ကုမ္ပဏီက အခုအချိန်ထိ လျော်ကြေး မပေးသေးဘူး။ မောင်လေးဆို သင်္ဘောဆို ကြောက်ပါပြီဖြစ်နေပြီ။ မိဘကိုလုပ်ကျွေးတဲ့ သားဖြစ်တဲ့အတွက်ကြောင့် သေကံမရောက် သက်မပျောက်တာကိုပဲ ဖြည့်တွေးနေရတယ်။

တကယ်တော့ သင်္ဘောသီးဆိုတာက ရာထူးကြီးမှ ခံစား စံစားရတာပါလို့ ပြောရင်းလဲ မှားမယ် မထင်ပါဘူး။ Cadet အဆင့်လောက်နဲ့တော့ စုနိုင်ဖို့က တော်တော်ကိုရှားပါတယ်။ ပါလာတဲ့ ပိုက်ဆံလေးက ပြန်မထွက်ခင် သင်တန်းပေါင်းစုံတက်ရတာနဲ့ ပြန်ကုန်တာက ခပ်များများကိုး။ JE နဲ့ ပြန်လာတဲ့လူကလဲ 4E, 3E လောက်နဲ့ပြန်ထွက်ချင်တာကိုး။ ဒီကြားထဲ အသောက်လေးနဲ့ အလန်းလေးတွေ ပါလာရင်တော့ မွေးရတဲ့မိဘကတော့ မွေးရကြိုးနပ်ပြီးရင်း နပ်ပေါ့။ တချို့များဆို (၂) ခေါက်ပဲ သင်္ဘောလိုက်ရသေးတယ် မိန်းမတန်းယူတယ်။ ဘုရား ဘုရား... ဒီလိုသားမျိုး မမွေးမိပါစေနဲ့ ဘုရားလို့ ဆုတောင်းရမလိုဖြစ်နေပြီ။

လိမ်မာတဲ့ သင်္ဘောသီးလေးတွေကျတော့လဲ Mess Boy လုပ်တာနဲ့တင် ပိုက်ဆံပို့နိုင်တာလဲ တွေ့ဖူးတာပဲ။

S.E.C.D ရုံးတို့ ရေကြောင်းပို့ဆောင်ရေးတို့က ဘယ်လောက်ပဲ ကြီးကြပ် ကြီးကြပ် သင်္ဘောသီးအတုကတော့ ရှိမြဲ ရှိနေဆဲပါ။ တချို့ဆို Show Job နဲ့ ရွာကထွက်လာတယ်။ ထိုင်းကျမှ CDC ပြောင်းတယ်ဆိုပဲ။ အလတ်မတော့ နားမလည်ပေါင်။

ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသီးဖြစ်ချင်တယ်ဆိုရင် `အီး´ တော့ သေချာ သင်ထားစေချင်တယ်။ ဘယ်နိုင်ငံရောက်ရောက် `အီး´ကောင်းတော့ Q လို့ရတာပေါ့။ :P

အခုနောက်ပိုင်း သတင်းတွေမှာ မြန်မာ Captain တွေ အသက်ကယ်တဲ့သတင်းတွေဖတ်ရတော့လဲ ၀မ်းသာပီတိဖြစ်မိတာပဲ။ ဒဏ်ရာရတာတို့၊ သင်္ဘောပေါ်က တွန်းချခံရတာတို့၊ ပြုတ်ကျတာတို့၊ နေမကောင်းလို့ ဆုံးသွားတာတို့လို သတင်းဆိုးမျိုးတွေ မကြားရပါစေနဲ့လို့ ဆုတောင်းလျှက်သာ....

1 comment:

  1. Oh My God., So Interesting Your Posts My Sister., :DDDDDD

    ReplyDelete