Wednesday 14 December 2011

အထုပ်

ဒီကျွန်းပိစိလေးမှာ တန်ခိုးအကြီးဆုံးကတော့ အထုပ်ပါပဲ။ (၃) နှစ်လောက် အတူတူ ညီမအရင်းလိုချစ်ကြတဲ့ သူငယ်ချင်းတွေလဲ ဒီအထုပ်ကြောင့်ပဲ စကားများကြတယ်။ ရန်ဖြစ်ကြတယ်။ ကွဲကြရတယ်။ ဒီအထုပ်ကြောင့်ပဲ ဖုန်းခကုန်၊ ပိုက်ဆံကုန်ကြတယ်။ ဒါပေမဲ့လဲ အဲ့ဒီ့အထုပ်ကိုပဲ ဘယ်သူမှ မကင်းနိုင်ကြဘူး။

အထုပ်ဇာတ်လမ်းကိုစရမယ်ဆို အလတ်မ မြန်မာပြည်ကထွက်ထဲက စရမှာပါ။ အလတ်မ ဇာတ်လမ်းမှာတော့ အေးဂျင့်မခေါနဲ့မပုတ်က မင်းသမီးပေါ့။ (အေးဂျင့်ဆိုသည်မှာ ကျေးဇူးတင်စရာကောင်းသလို၊ မုန်းစရာလဲအလွန်ကောင်းလှပါသည်။)

မပုတ်အိမ်မှာအိပ်ပြီး လေယာဉ်တက်တာဆိုတော့ ကိုယ်ကလဲ မနူးမနပ်၊ ပိန်းလိုက်တာလဲ လွန်ပေါ့။ (အရင်တုန်းက ပြောပါတယ်) နိုင်ငံခြားရူး ရူးနေတဲ့လူဆိုတော့ နိုင်ငံခြားသွားရပြီးရော။ အဓိက ရောက်ဖို့ပဲဆိုတော့ ဘာမှသိဘူး။ အရူးဘုံမြှောက်ဆိုသလို မြှောက်ပြီး ငါ့သမီးအတွက် ငါ့ညီမအတွက် ဒါလေးယူသွား၊ ညီမလဲ ၀ယ်သွားဆိုတော့ မရှိတဲ့ကြားက ချေးပြီး မြေနီကုန်းက DI က Foreign Quality မမှီတဲ့ အ၀တ်တွေကို ၀ယ်တာပေါ့။ များများရယ်မဟုတ် (၂) ထည်ပါ။ သူတို့အနေနဲ့ အလတ်မက `ငါ့ခြံထဲက ကြက် ဘယ်အချိန် ရိုက်သတ်သတ်´ ဆိုသလို ငါ့အိမ်က လေယာဉ်တက်မှာ ငါတို့သယ်ခိုင်းတာ သယ်ပေါ့။ `သောက်အ´ဆိုတော့ သယ်တာပေါ့။ ဘာတွေမှာသလဲဆိုရင် သွားပွတ်တံ၊ DI က ဆောင်းဝတ်တွေ၊ DVD Player (အနောက်နိုင်ငံမှာနေပြီး မြန်မာပြည်ကဟာမှာတယ်) (မသယ်နိုင်လို့ အဲဒါတော့ထားခဲ့ရတယ်)၊ စားစရာ အကြော်မျိုးစုံ၊ လက်ဖက်၊ ငပိ၊ ဆေးဝါးအစုံအလင်၊ ဖိနပ်၊ မျက်ခုံးမွှေးဆွဲတံ၊ နှုတ်ခမ်းနီ၊ မျက်တောင်ကော့စက်၊ ပန်းပျိုးထားတာကို ရေသန့်ဗူးနဲ့ထည့်တားတာက ပါသေး။ ဒီလောက်ပဲ မှတ်မိတော့တယ်။ အဲ့ဒါ သူတစ်ယောက်ထဲ မှာတဲ့ပစ္စည်းပဲရှိသေးတယ်။

အေးဂျင့်မခေါကတော့ လာပေးသမျှ အကုန်သယ်ခဲ့။ မထားခဲ့နဲ့။ ဘာအ၀တ်မှ မယူလာခဲ့နဲ့ ငါတို့ဒီမှာ ၀ိုင်းပေးကြမယ်ဆိုလို့ သယ်လာလိုက်တာ။ ကိုယ့်အ၀တ်အစားဆိုလို့ ( DI က ၂ ထည်အပါဝင်) ၁၀ ထည်တောင်မပြည့်ဘူး။ စားဖို့ အမေကြော်ပေးတဲ့ ငါးခြောက်ကြော်လေးပဲပါတယ်။ လေဆိပ်မှာ Hand Carry က လူတောင်မမြင်ရဘူး။ အထုပ်က ကြီးနေလို့။ သွားပွတ်တံက ထွက်နေတော့ လူတကာကြည့်တာခံရတာပေါ့။ ဒီရောက်တော့ ဘောင်းဘီအစုတ်လေး ၂ ထည်နဲ့ သူမ၀တ်တဲ့ အင်္ကျီ (၃) ထည်ပေးပါတယ်။ အမှတ်တရ သိမ်းထားတယ်။ ဘောင်းဘီကို ဖြတ်ပြီး အခု ဖိနပ်တိုက်နေတယ်။ မြင်တိုင်း သတိရနေအောင်။

အင်း မင်းသမီးတွေပြီးတော့ ဇာတ်ပို့၊ ဇာတ်ရံတွေအကြောင်းပေါ့။

တချို့ချို့သော သူများက ဒီနိုင်ငံမှာ 50 Cent နဲ့ရောင်းတဲ့ အ၀တ်အစားများ၊ ပစ္စည်းများဝယ်၍ ရွာပြန်မဲ့လူကို အားမနာ လျှာမကျိုးပေးတတ်ကြပါသည်။

တချို့ချို့သော သူများက သူများလွှင့်ပစ်ထားသော အကောင်းစားလေးတွေကိုလဲ ပေးတတ်ကြပါသည်။

တချို့ချို့သော သူများက ပြန်မယ်ဆိုသော သတင်းကြားမှ ဖုန်းနံပါတ်တောင်း ခင်အောင်ပေါင်းပြီး အထုပ် (သို့) Euro များကို ပေးကြပါသည်။

တချို့ချို့သော သူများကတော့ သူတို့ အစ်မ၊ သူတို့သားသမီး၊ သူတို့တူမများလာတာကို အလတ်မနှင့် တချို့သော သူများပင် အသိမပေးပဲ သူ့အုပ်စု တစ်စုအတွက် သယ်လာပြီး Sunday မှ မိတ်ဆက်ပေး တတ်ပါသည်။ အဲ့ဒီ့လူများကို အလတ်မ မှတ်ထားပါသည်။ (အလတ်မ ချစ်ချစ်လာရင် အဲ့ဒီ့လူများကိုလဲ ပြောမည်မဟုတ်ပါ) `အလှည့်ကျ မနွဲ့စတမ်း´ ဆိုသလိုပေါ့။

တချို့ချို့သော သူများကြတော့ တိတ်တိတ်လေး ရွာပြန်ကြသလို၊ မကောင်းတတ်လို့ လေဆိပ်ရောက်မှ ဖုန်းဆက်ပြီး Good Bye လုပ်တဲ့လူများလဲရှိပါသည်။

တချို့ချို့သော သူများကြတော့ ငါကတော့ လွတ်ပြီ၊ ကျွတ်ပြီ၊ `နင်တို့ပဲ ကျွန်ဆက်ခံပြီးနေခဲ့ကြတော့´ ဟုပြောပြီး ပြန်သွားပါသည်။ ယခုအခါ ရွာတွေ ကလေးတွေ တပြုံတမကြီးနဲ့ လာချင်လွန်း၍ တစာစာ အကူအညီတောင်းပါသော်ငြားလည်း သူပြောခဲ့တဲ့စကားကို ကြောက်ကြသဖြင့် အခွင့်အရေးရှိတာကိုပင် မခေါ်ကြတော့ပါ။

တချို့ချို့သော သူများကြတော့ လူကြုံရှိတယ်။ တစ်ယောက် (၁) ကီလိုသယ်ပေးမယ်။ အထုပ်တွေ သွားပေးထားကြလို့ ပြောလို့ ရွာကမိဘများကို မှာပြီး အတင်းပို့ခိုင်းကြပါသည်။ လာခါနီးမှ ပစ္စည်းတွေများလို့ ကီလိုပိုကြေး (၁) ကီလို 54 $ ပေးရမည်ဟု ပြောသဖြင့် မပေးနိုင်သော သူများ အထုပ်ပြန်တောင်း ရာဝယ်။ မိမိတို့၏ မူလပေးစဉ်က အထုပ်အတိုင်း မဟုတ်တော့ပဲ အားလုံး ဖောက်ပြီးသားဖြစ်နေ၍ ဟိုတစ ဒီတစ တခုမှ မရဖြစ်ရသည်များကြောင့် စိတ်သောကရောက်၍ စကားမပြောကြတော့ပါ။

တချို့ချို့သော သူများရဲ့ ရွာက လူများကတော့ ပစ္စည်းများမသယ်နိုင်၍ ထားခဲ့သော အကြော်အလှော်များကို စားပစ်ကြသလို၊ မုန့်ဟင်းခါးထုပ်များကို ချက်ပြုတ်စားသောက်ပစ်ကြ၍ ကျွန်းပီစိကလူများ အတင်းချတာ ခံရပြန်သေးသည်။

တချို့ချို့သော သူများကြတော့ လာတုန်းကလဲ ဘယ်သူမှမသိအောင်လာသလို၊ ပြန်တော့လဲ အပြီးပြန်မှာ ဘယ်သူ့ပစ္စည်းမှ မသယ်နိုင်ဘူး။ ကိုယ့်အထုပ်တောင် မနည်းသယ်နေရတယ်ဆိုပြီး အတ္တကြီးစွာ ပြန်သွားကြသဖြင့် ရွာတွင်ဒုက္ခရောက်သောအခါ ဘယ်သူမှပြန်လာဖို့ မကူညီကြတော့ပါ။

တချို့ချို့သော သူများကြတော့ မယူလာသောပစ္စည်းများကို သွားပြန်တောင်းရာဝယ် ဟိုအိမ်လိုလို၊ ဒီအိမ်လိုလိုနှင့် ပြောကြသဖြင့် ကိုယ့်အထုပ်ပြန်မရတော့ပါ။

တချို့ချို့သော သူများကြတော့ တတ်နိုင်သလောက် အကုန်သယ်ခဲ့ပါသော်လည်း ပေးတဲ့အထုပ်ထဲတွင် ငပိကို hand carry အဖြစ် သယ်ခဲ့သဖြင့် Thai လေဆိပ်တွင် Custom များ ဖွင့်ဖောက်ပြီး လက်များနံ့စော်ကုန်သဖြင့် ဒေါသအချောင်းချောင်းနဲ့ အမှိုက်ပုံးထဲသို့ အလှူပေးခဲ့ကြပါသည်။

တချို့ချို့သော သူများကြတော့ သူတို့အတွက် တစ်ဗူး၊ တစ်ထုပ်ပဲပါတာတောင် မစားရက်၊ မသောက်ရက် အလတ်မကို ပေးကြသဖြင့် ချစ်ရပြန်ပါသည်။

တချို့ချို့သော သူများကြတော့ ငပိတို့ ငါးခြောက်တို့ကို ပိဿလိုက်မှာကြသဖြင့် ဘုမသိ၊ ဘမသိ အသစ်ကလေးများ သယ်ခဲ့ရပါသည်။

တချို့ချို့သော သူများမှာ အလတ်မက စားချင်လွန်းလို့ နားပူနားဆာလုပ်မိသည့် မက်မန်းသီးကိုပင် သူ့မိဘများကို ၀ယ်ခိုင်းပြီး ထပ်သွားပို့ခိုင်းခြင်းဖြင့် ကူညီလွန်းသဖြင့် ၀မ်းသာပီတိဖြစ်ရပါသည်။

တချို့ချို့သော သူများက ဖိနိပ်များကို မှာကြသလို၊ အ၀တ်အစားများ၊ ထမင်းပေါင်းအိုးများ၊ ကွန်ပျူတာများလဲ မြန်မာပြည်က မှာကြပါသည်။

တချို့ချို့သော သူများကြတော့ သူတို့ ဒီကနေအပြီးပြန်သွားပြီး ဒီကိုပြန်ထွက်မဲ့ ငူတူတူ အတတလေးများကို သူ့တို့ရဲ့ ဖုန်းအစုတ်ကလေးများကို 100 $ နောက်မှပေးဆိုပြီး ထိုးရောင်းတတ်ကြပါသည်။ အလတ်မလဲ အဲ့ဒီလို ခံရဖူးပါသည်။ ဒီရောက်တော့ အားလုံးက မယူနဲ့ပြောလို့ သူ့တို့ဆွေမျိုးကိုပြန်ပေးလိုက်ပါသည်။ အဲ့ဒီ့အချိန်တုန်းက Nokia Model အသစ် ကြပ်ကျွတ်မှ 35 ပေါင် သာရှိပါသည်။

တချို့ချို့သော သူများဆို ငွေပေးရင် အရာရာအဆင်ပြေတယ်ဆိုတဲ့ စိတ်ကူးနဲ့ ငွေစကားပြောပြီး စေတနာကို စော်ကားတတ်သလို ဂုဏ်ဖော်၍လည်း အထုပ်ပေးတတ်ကြပြန်ပါသည်။

တချို့ချို့သော သူများကြတော့ ဗရုတ်သုခ လုပ်တတ်ကြပါသည်။ လူကြုံပေးသမျှ ပစ္စည်းတွေ၊ ပိုက်ဆံတွေကိုရောပစ်ပြီး ပေးချင်သလိုပေးပစ်လိုက်ပါသည်။ မြန်မာပြည်မှာ ( Euro ရောင်းလျှင် အတန်ကြီး (500, 200, 100) ဆို ဈေးတမျိုးနဲ့ အတန်သေး (50,20,10,5) ဆိုပြီး ဈေးမတူပါ )။ အတန်ကြီးပေးလိုက်သူက အတန်သေးတွေရ၍ ရောင်းတဲ့ပိုက်ဆံ လျော့ရ၍ စိတ်ညစ်ရသလို၊ ကိုယ်ပေး လိုက်တုန်းက ဒေါ်လာအသစ်ကြပ်ချွတ် ကိုယ့်အိမ်က သွားယူတော့ အစုတ်အပြတ်တွေဖြစ်နေ၍ အလတ်မ အမေ (၃) ရက်လောက် ဒေါ်လာ ရောင်းယူရပါသည်။ (အဲ့ဒီ့နောက်ပိုင်း Euro ပဲ ပို့တော့သည်။)

တချို့ချို့သော သူများ၏ မိသားစုများမှ ဒါလဲ ပိုက်ဆံပဲဟု ဟောက်ပြောနဲ့ ပေးသဖြင့် ကြောက်ကြောက်နဲ့ ယူခဲ့ရသူတွေလည်း ရှိပါသည်။

တချို့ချို့သော သူများကြတော့ အထုပ်သွားပေးလျှင် လက်ဆောင်ပစ္စည်းလေးဝယ်သွားပြီး ပေးတတ်ကြပါသည်။ ဒါလေးတွေကြတော့ ချစ်စရာကောင်းနေတတ်ပြန်ပါသည်။

တချို့ချို့သော သူများကြတော့ သူတို့စားလို့မကုန်၊ ထားလို့မရမှန်းသိသော အစားအစာလေး များကို ခွေးကျွေးရမဲ့အတူတူ ဝေမျှပြီး ပေးတတ်ကြပါသည်။

တချို့ချို့သော သူများက ဒီမှာ ညီအစ်မလိုခင်ပြီး မြန်မာပြည်မြေကိုနင်းတဲ့အချိန်ကစပြီး ရှုးရှုးနဲ့တောင် လှည့်မပန်းကြတော့ပဲ ဒီပြန်ရောက်မှ Online မှာ စကားပြောဖော်မရှိတဲ့အချိန်မှ အတင်းခေါ်တတ်ကြသေးသည်။

တချို့ချို့သော သူများကြတော့ပါသမျှ ပစ္စည်းလေးများ၊ ဆေးဝါးလေးများကို ဝေမျှ၍ပေးကျွေးတတ် ပါသေးသည်။

တချို့ချို့သော သူများကြတော့ ငါ့ပစ္စည်းကြတော့ မပါဘူး။ ငါကတော့ သူဒီကိုလာဖို့ ပိုက်ဆံလဲ စိုက်၊ လူလဲစိုက်၊ အလုပ်ပျက်ခံပြီး ကူညီခဲ့ရတယ်။ ငါ့အထုပ်ကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယူခဲ့သင့်တယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့ ကွယ်ရာမှာပြောပြီး။ ရှေ့ရောက်သောအခါ သူမပြောလိုမျက်နှာမျိုးဖြင့် နေတတ်ကြပြန်။

ဟိုတမျိုး ဒီတမျိုးပြောတဲ့ လူတွေကို အလတ်မက အမုန်းခံပြီး ဒီလိုပြောပါသည်။ ``ရှေ့မှာတော့ ယက်နေတယ်။ ကွယ်ရာကြတော့ ပြောချင်ရာပြောတယ်´ ဆိုပြီး။ တချို့လဲနာကြသလို၊ တချို့လဲ မသိချင်ယောင်ဆောင်နေတတ် ကြပြန်ပါသည်။

တချို့ချို့သော သူများသည် အထုပ်ကိစ္စ၊ ငွေရေးကြေးရေးကိစ္စများကြောင့် စကားများကြပြီး အလတ်မ နာမည်သုံး၍ ပြန်တည့်အောင် ပေါင်းသည့်နည်းဖြင့် ကိုယ်ကျိုးရှာတတ်ကြပါသည်။

တချို့ချို့သော သူများကြတော့ ရွာကိုတန်းမပြန်ဘူး စင်ကာပူဝင်မည့် သူများပင် အထုပ်ရအောင် ပေးတတ် ကြပြန်သည်။

အလတ်မရဲ့အထုပ်ကြောင်းတွေက ပြောမဆုံးပေါင်ပေါ့။ အလတ်မခွင့်ပြန်တုန်းက ဒီက တတ်နိုင်သလောက် အထုပ်တွေ အသယ်ကောင်းလိုက်တာ အမေ့အတွက် ၀ယ်ထားတဲ့ပစ္စည်းတွေ အကုန်ကျခဲ့သဖြင့် မျက်နှာငယ်ခဲ့ရဖူးပါသည်။ ဒီကိုပြန်လာတဲ့အချိန်မှာ တိုက်ဆိုင်စွာပဲ St. Joseph ပွဲတော်နှင့် Rainbow Festival ရှိသဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ၀တ်စုံများနှင့် တိုက်ပုံ၊ ပုဆိုး၊ နိုင်ငံတော်အလံတို့ သယ်ခဲ့ရပါသည်။ အဲ့ဒီ့ပွဲတော်များတွင် အလတ်မမှ ခေါင်းရှောင် အဲ..မှားလို့ (ခေါင်းဆောင်)ဖြစ်သဖြင့် မသယ်မဖြစ် သယ်လာရခြင်းလဲ ဖြစ်ပါသည်။ (ကိုယ်စီစဉ်တဲ့ပွဲကိုး) အဲ့ဒီ့ဝတ်စုံများအပြင် လူတကာရဲ့ အထုပ်ရအောင် သယ်ခဲ့သဖြင့် အလတ်မရဲ့ အတွင်းခံ (၂) မျိုးနှင့် စေ့စပ်ပွဲက ၀တ်တဲ့ ၀တ်စုံပဲ ပြန်ပါလာခဲ့ပါသည်။ (ချစ်ချစ်မွေးနေ့လက်ဆောင်ပေးတဲ့ အင်္ကျီကို သူ့ရှေ့မှာပဲထားခဲ့ သဖြင့် လေဆိပ်တွင် ပွစိ ပွစိလုပ်တာခံရပါသည်.. ဟိဟိ.. မတတ်နိုင်ပါ)။ တခြားလူတွေရဲ့ပစ္စည်းများလဲ မသယ်လာနိုင်သဖြင့် ကျန်ခဲ့ပါသည်။ သွားပြန်ယူဖို့ အားလုံးကိုပြောပါသော်လည် ချက်ချင်းသွားမယူကြသဖြင့် တချို့ပစ္စည်းများပျောက်သည် ပြောသဖြင့် အလတ်မ လျော်ပေးလိုက်ပါသည်။ (ချစ်ချစ်က သူ့ဆိုင်ကို ကျန်သည့်ပစ္စည်းများသယ်သွားပါသည်။ ချစ်ချစ်ဆိုင်သည် လူဝင်လူထွက်များသောကြောင့် ပစ္စည်းများ ပျောက်ရခြင်း ဖြစ်ပါသည်။)

တချို့ချို့သော သူများကြတော့ ပြန်မဲ့လူကြုံက အလတ်မနဲ့ရင်းနှီးလို့ ပြောပေးပါလို့ အကူအညီတောင်းသဖြင့် အလတ်မက လျှာကြောရှည်ပြီး ပြန်မဲ့လူကြုံကို ဖုန်းခ အကုန်ခံ၍ ယူသွားပေးဟု ပြောချိန်ဝယ် ``လုံးဝ မသယ်နိုင်ဘူး။ ကိုယ့်ပိုက်ဆံတွေတောင်များနေလို့´´ဆိုပြီး ပြောသဖြင့် ကိုယ့်မှာ ဟိုဘက် ဒီဘက် သူငယ်ချင်းဖြစ်နေတာကြောင့် စကားကိုလှအောင်ပြောပြီး တခြားအကြံပေးလိုက်မိပါသည်။ နောက် 3-4 ရက်ကြာသောအခါ သူတို့အချင်းချင်း ဖုန်းပြောတော့ သယ်သွားပေးမယ်ဟု ပြောသဖြင့် အလတ်မမှာ အံ့သြရပါသည်။ အလတ်မကိုတော့ ခါးခါးသီးသီး မသယ်နိုင်ဟု ပြောသော ပါးစပ် ဘယ်ရောဂါကြောင့် ပိတ်သွားသနည်း???? အဲ့ဒီလို ဘလောင်းဘလဲ လူမျိုးတွေလဲ ရှိကြပြန်ပါသည်။

ဒီနိုင်ငံမှာ လူကြုံနဲ့ပိုက်ဆံပေးတဲ့နည်း တစ်ခုသာ အလတ်မတို့အတွက် အားအကိုးရဆုံးပါ။ Western Union, Coin Star, RIO တို့လို့ Money Transfer တွေရှိသော်ငြားလည်း စင်ကာပူလူခံရှိမှ အဆင်ပြေသမို့ ပိုက်ဆံပို့ဖို့ မလွယ်ကူပါ။ တချို့လူများသည် အလုပ်အဆင်မပြေ၍ ပြန်သွားရသဖြင့် ရွာပြန်ချိန်ဝယ် ပိုက်ဆံများများ မပါသွားကြပါ။ အဲ့ဒီ့လိုလူတွေအတွက် စဉ်းစား၍ အလတ်မကစပြီး 100 $ ကို 1 Euro နှုန်းဖြင့် မုန့်ဖိုးပေးသည့် အကျင့်လေးကို သုံးလိုက်ပါသည်။ (သုံးခါစ လူတိုင်း အလတ်မကို မုန်းကြပါသည်။) အလကားဆိုတာ ဘယ်နေရာမှာမှ မရပါ။ ရတိုင်းလဲ မယူသင့်ပါသည်။ အလတ်မတို့ ပို့ခဈေးအသက်သာဆုံးဖြစ်တဲ့ Coin Star Money Transfer နဲ့ ပို့မယ်ဆိုရင်တောင် Euro 1000 ကို ပို့ခ Euro 40 ပေးရပါသည်။ 1 Euro ဆိုတာ ပေးသင့်ပါသည်။

အလတ်မအနေနဲ့ ၀န်ခံပါသည်။ အလတ်မ လူတိုင်းနှင့် ပိုက်ဆံကိစ္စ၊ လူမှုရေးကိစ္စအားလုံး ကင်းနိုင်ပါသည်။ ဒါပေမဲ့ အလတ်မ အထုပ် (Parcel) (လူကြုံပစ္စည်းအထုပ်) နဲ့တော့ လုံးဝ မကင်းနိုင်ပါ။ ဒီနိုင်ငံမှာ နေသ၍ ကင်းနိုင်လိမ့်ဦးမဟုတ်ပါ။

အလတ်မ အထုပ်တိုင်းနဲနဲဖြစ်ဖြစ်ပါလာသဖြင့် လူတိုင်းက ဘယ်သူလာလာ သူ့အထုပ်အမြဲပါတယ်လို့ မနာလိုသလို၊ ချီးကျူးသလိုနဲ့ ပြောတတ်ကြပါသည်။ အထုပ်ပါရခြင်း လျှို့ဝှက်ချက်ကိုသူတို့မသိပါ။ အလတ်မ အထုပ်ယူပြီးပြန်ရမဲ့ လူကြုံပဲဖြစ်ဖြစ်၊ ရွာကနေ ဒီကိုလာမဲ့လူပဲ ဖြစ်ဖြစ် အလတ်မက သူတို့ကို မေတ္တာပို့ ဆုတောင်းပေးကြတယ်ဆိုတာကိုဖြင့် ဘယ်သူမှ မသိကြပါ။ မေတ္တာအစွမ်းကြောင့် အထုပ်ပါလာရခြင်း ဖြစ်ပါကြောင်း ရင်ဖွင့်အပ်ပါသည်။

1 comment:

  1. ကောင်း၏။ ကောင်း၏။ ချစ်ချစ်ကြောင်းကြွားတာ တစ်ခါမကဖြစ်သောကြောင့် ပိုကောင်း၏။ :)

    ReplyDelete