Friday 6 July 2007

အလတ်မလေးရဲ့ရင်ထဲမှာ

တစ်ခါတစ်လေ ကျွန်မဘ၀ကို ကျွန်မ အားငယ်မိတယ်။ မိသားစုထဲမှာ မောင်နှစ်မ (၅) ယောက်မှာ အလည်ခေါင်မှာ အလတ်အနေနဲ့ ဖြစ်နေတာကိုက ရွေးချယ်စရာမရှိတဲ့ လမ်းပေါ်မှာရောက်နေတယ်။ အလတ်ဆိုတော့ ဖေဖေကလဲ မချစ်ဘူး၊ မေမေကလဲ ဂရုမစိုက်ဘူးလို့ ထင်ခဲ့တယ်။

အလတ်မ မေမေကအပျိုတုန်းက ကျောင်းဆရာမဆိုတော့စည်းကမ်းရှိပြီးသနားတတ်သလို ငွေးရေးကြေးရေးမှာလဲ စီစစ်တယ်ပြန်တယ်။ ဖေဖေကတော့ ငယ်ငယ်ထဲက သူဌေးသားမို့ လိုတိုင်းရ တတိုင်းရတဲ့သူပီပီ အတ္တကြီး တတ်ပြန်တယ်။ မေမေက ထက်မြတ်ပြီး ပညာတတ်တဲ့မိန်းမတစ်ယောက် ဖြစ်နေတော့ ကျောင်းဆရာမ အလုပ်ကထွက်ပြီး ဖေ့ဖေ့မေမေ (အဖွား)တို့ရဲ့ စီးပွားလုပ်ငုပ် လက်ရင်းဖြစ်တဲ့ ပဲလှော်ဖိုလုပ်ငန်းကို ဦးစီးခဲ့တယ်။ မနက်မိုးလင်းက မိုးချုပ် အလုပ်သမားတွေနဲ့ ချာချာလည်နေခဲ့တယ်။ ဖေဖေကတော့ သူဝါသနာပါတဲ့ ဓါတ်ပုံလုပ်ငန်းကို ဦးစီးခဲ့တယ်။ မိသားစု တစ်ခုမှာ လင်နဲ့မယား စီးပွားပြိုင်သလိုဖြစ်နေပြန်တယ်။ တစ်နှစ်နဲ့တစ်နှစ် ဖေဖေ့ဝင်ငွေနဲ့မေမေ၀င်ငွေက၊ကွာခြားသလို ဖေဖေ၊ မေမေတို့ရဲ့စိတ်ဓါတ်တွေလဲ ပြောင်းလဲမှန်းမသိ ပြောင်းလဲလာတယ်။ မေမေဟာ စီးပွားရေးဇောကပ်ပြီး အိမ်ထောင်ရေးမှာလစ်ဟင်းခဲ့တယ်။ ဖေဖေ့ရဲ့ ဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ခဲ့ပြန်ဘူး။ မေမေက ဈေးထဲကဆိုင်တွေကိုဦးစီးပြီး မိုးလင်းက မိုးချုပ် အလုပ်တွေနဲ့ ပိနေတယ်။ ဖေဖေက ဓါတ်ပုံလုပ်ငန်းတစ်ဖက်နဲ့ အိမ်ကအလုပ်သမားတွေကိုလဲ စီမံခန့်ခွဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မ အသက် (၁၃) နှစ်သမီးမှာ ကျွန်မတို့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အချိန်တန်လာတယ်လို့ပြောရမလား?အရင်ဘ၀တုန်းကသူများမိသားစုကိုဖြိုခွဲခဲ့လို့ဝဋ်လိုက်တယ်ပဲ ပြောရမလား? လောကကြီးမှာ သူများမိသားစုဘာဖြစ်ဖြစ် ငါချမ်းသာဖို့အဓိကဆိုပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မိန်းမ မျိုးတွေ ပေါလာလို့ပဲလား? မသိဘူး.. ကျွန်မတို့ မိသားစုကိုဖြိုခွဲတဲ့ မိန်းမတစ်ယောက်ကြောင့် မိသားစုအားလုံး ရှင်ကွဲကွဲခဲ့ရတယ်။ ဖေဖေဟာ အိမ်က ပဲလှော်ထုပ်တဲ့ အလုပ်သမလေးနဲ့ ငြိစွန်းခဲ့ရာမှ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ထားတဲ့အထိဖြစ်လာခဲ့တယ်။အဲ့ဒီ့အချိန်တုန်းကအလတ်မလေးရဲ့အမုန်းဆုံးဟာ ဖေဖေ့နောက်မိန်းမ (မယားငယ်မ)ကိုပဲ။ အခုအချိန်ထိလဲ မုန်းနေဆဲလို့ ပြောရရင်ရပါတယ်။


မေမေဟာ (၂) ယောက် မပေါင်းနိုင်ဘူးဆိုတဲ့ မာနနဲ့ ခံယူချက်ကြောင့် ဘာဥစ္စာပစ္စည်းမှမယူပဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ကိုကြီး၊မမကြီးနဲ့ညီမလေးကိုခေါ်သွားပြီးအလတ်မနဲ့ မောင်လေးကို ကျောင်းပညာရေးကြောင့်ဆိုပြီး ဖေဖေနဲ့ထားခဲ့တယ်။ အဲ့ဒီ့အချိန်ကပြီး အလတ်မရဲ့ ဘ၀မှာ မျက်ရည်တွေကို အဖော်ပြုခဲ့ရတယ်။ မေမေဦးစီးခဲ့တဲ့ လုပ်ငန်းကြီးလဲ ရပ်ပစ်ခဲ့ရတယ်။ ဖေဖေကတော့ သူ့လုပ်ငန်းကို အရှိန်မပျက် ဆက်လုပ်ခဲ့တယ်။ ဒီလိုနဲ့ မေမေဆင်းသွားပြီး (၅) လအကြာမှ မယားငယ်မ အိမ်ပေါ်ကိုရောက်လာတယ်။ ငယ်ငယ်ထဲက အခြံအရံတွေနဲ့ နေခဲ့တဲ့ အလတ်မတို့ကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူများမိသားစုဘာဖြစ်ဖြစ် ငါချမ်းသာဖို့အဓိကဆိုတဲ့ စိတ်ဓါတ်နဲ့ မိသားစုတစ်ခုလုံးကိုခွဲခဲ့တဲ့ မိထွေး (မယားငယ်)ဆိုတော့ အလတ်မတို့ မောင်နှစ်မ (၂) ယောက်အတွက်တော့ ငရဲအလားပေါ့။ ဖေဖေကတော့ တချို့ကိစ္စတွေ မသိသလို၊ သိအောင်လဲ အလတ်မ မပြောခဲ့ပါဘူး။


အဲဒီ့အချိန်တုန်းက ဘုရားမှာ အမြဲဆုတောင်းတယ်။ အလတ်မ တောင်းတဲ့ဆုက “ဆယ်တန်းမြန်မြန်အောင်ပြီး ဒီအိမ်နဲ့ အဝေးဆုံးကို သွားရပါလို၏ ဘုရား။” အလတ်မ ဆုတောင်းပြည့်ခဲ့ပါတယ်။ ဆယ်တန်းကို နှစ်ခြင်းပေါက်အောင်ခဲ့တယ်။ အောင်ပြီး ၂ လ အကြာမှာ ဖေဖေနဲ့ အဝေးဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ ကွန်ပျူသင်တန်းတက်၊ အလုပ် လုပ်၊ တက္ကသိုလ်တက်ပြီး အလတ်မရဲ့ဘ၀ကို စတင်ခဲ့တယ်။ ဖေဖေ့အိမ်က ဆင်းလာပြီးထဲက အခုအချိန်ထိ အလတ်မ အိမ်ကို မပြန်ခဲ့ပါဘူး။ ခဏပြန်ရင်တောင် ဖေဖေ့အိမ်မှာ တစ်ညမအိပ်ခဲ့ဘူး။


အလတ်မရဲ့ဘ၀က မပြည့်စုံသေးသလို မပျော်ရွှင်နိုင်သေးပါဘူး။ တခြားအလတ်မတွေတော့ မသိဘူး။ ဒီအလတ်မလေးကတော့ ကံကောင်းခြင်းတွေကို တောင့်တမျှော်လင့်ဆဲပါပဲ။ တစ်နေ့နေ့တချိန်ချိန်မှာ အပျော်ရွှင်ဆုံးဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

ဖေဖေ၊ မေမေတို့နဲ့ ပျော်ရွှင်တဲ့မိသားစုဘ၀ကို ပြန်မရနိုင်တော့ပေမဲ့ တောင့်တ မျှော်လင့်ဆဲ.....