Friday 10 August 2007

အလတ်မလေးရဲ့ရင်ထဲမှာ (၂)

အလတ်မလေး ဆယ်တန်းအောင်တာနဲ့ ဖေဖေ့အိမ်က ဆင်းပြီး ရန်ကုန်ကို မေမေနဲ့ အတူ ရထားကြီးစီးပြီး ကွန်ပျူတာသင်တန်းတက်ဖို့ လာခဲ့တယ်။

အဲ့ဒီ့အချိန်ကအလတ်မရင်ထဲမှာ ပြောမပြတတ်အောင် ပျော်ရွှင်နေတယ်။ မယားငယ်နဲ့ဝေးလို့ ပျော်တာနဲ့၊ ဘ၀သစ်တစ်ခုကို ခြေလှမ်းစရတော့မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။ ရန်ကုန်ရောက်တော့ ဖေဖေ့ညီ (ရှေ့နေ) ဦးလေးအိမ်မှာနေရင်း သင်တန်းတွေတက်တယ်။ မေမေကတော့ (၂) ပတ် တစ်ခါလောက် ရန်ကုန်ဆင်းလာပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးတယ်။ သင်တန်းနားရက်တွေမှာ မေမေ့ အမျိုးတွေအိမ်ကို သွားတတ် လာတတ်အောင် လိုက်ပို့ပေးတယ်။ အဲ့ဒီလိုနဲ့ အမေ့တူအိမ် (သာကေတ)ကို သွားလည်တယ်။ မောင်နှမ၀မ်းကွဲတွေနဲ့ တွေ့ရလို့ ပျော်ပေမဲ့... အစ်ကို ၀မ်းကွဲသော်ဇင် ဒီလို ပြောလိုက်တယ်။ “ဟဲ့. နင်က ကွန်ပျူတာသင်တန်းတက်နေတယ် ဟုတ်လား... ဘာလုပ်စားမှာမို့လဲ.... ရန်ကုန်မှာ ကွန်ပျူတာသင်တန်းဆင်းပြီး အလုပ်မရတဲ့လူတွေ တပုံကြီး။ နင်က နင့်သင်တန်းပြီးတာနဲ့ အလုပ်ရမယ်များ ထင်နေလား။ နင်ရရင် ငါလည်ဖြတ်ခံတယ်တဲ့” သူပြောလိုက်တဲ့ စကားတစ်ခွန်းက အလတ်မရဲ့ မာနကို ဆွပေးလိုက်သလိုပဲ။ အဲ့ဒီ့အချိန်ကစပြီး သူ့စကားကို သက်သေပြမယ်ဆိုတဲ့ ရည်မှန်းချက်က ကြီးထွားစေခဲ့တယ်။

အဲ့ဒီ့ခေတ်တုန်းက အလတ်မတို့သင်ရတာက Dos တို့၊ Lotus 123 တို့၊ Word Perfect တို့ အခုမှသာ Word, Excel တို့ဖြစ်လာတာ။ Soft Guide (SG) မှာ Secretary Course သင်တန်းတက်ရင်း မေမေ့မိတ်ဆွေ ဦးကံကောင်းရဲ့ အကူအညီနဲ့ (၃၄) လမ်းက “ပစ်တိုင်းထောင်” ကွန်ပျူတာဆိုင်မှာ လုပ်အားပေး လစာမရပဲ (၆) လ ၀င်လုပ်ရင်း ကွန်ပျူတာပညာကို ဆက်လက်လေ့လာခဲ့တယ်။ အဲ့ဒီလိုနဲ့ ပုဂံ (ကွန်ပျူတာ)၊ စေတနာ (ကွန်ပျူတာ)၊ အကျိုးဆောင်ဂျာနယ်၊ Buyer's Choice ဂျာနယ်၊ အနုပညာဂျာနယ်၊ MTN Shipping Line, Asia Pacific Co., MMT Audit Firm, TT Computer Training နှင့် Htoo Trading Co., တို့မှာ အလုပ်တွေ လုပ်ခဲ့တယ်။

အလုပ်တွေ တစ်ခုပြီး တစ်ခုပြီးပြောင်းပြီး အတွေ့အကြုံတွေ ယူရင်း ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေလဲ အများကြီးတိုးခဲ့တယ်။ 2009 ခုနှစ်မှာ မြန်မာ့အသံက ဘွဲ့မရသေးသူတွေအတွက် လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူးရာထူးနဲ့ ဘွဲ့ရပြီးသားလူတွေအတွက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူးရာထူးအလုပ်တွေခေါ်တယ်။ ပထမနှစ်နဲ့ ကွန်ပျူတာဒီပလိုမာ တက်နေတုန်းမို့ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနဲ့ အလုပ်လျှောက်ခဲ့ရာ Interview (၂) ဆင့်အောင်ပြီး 2000 ခုနှစ်မှာ MRTV-3 မှာ အလုပ်ဝင်ခဲ့တယ်။ ၀န်ထမ်းကဒ်ရတဲ့နေ့မှာ သာကေတက အစ်ကိုအိမ်သွားပြီး သူပြောခဲ့တဲ့ စကားတစ်ခွန်းက အမှန်တကယ် ကြိုးစားသူတွေအတွက် မှားတယ်ဆိုသိအောင် သူ့ရှေ့မှာ ၀န်းထမ်းကဒ်ချပြပြီး သက်သေပြခဲ့တယ်။

နံနက် ၇ နာရီမှ ၉ နာရီအထိ ကွန်ပျူတာဒီပလိုမာတက်၊ ကျောင်းဆင်းတာနဲ့ ရုံးမှာအလုပ်ဝင်၊ ညနေဘက် ရုံးဆင်းရင် လှည်းတန်းက သွယ် (ကွန်ပျူတာ)မှာ Part Time လုပ်ရင်းနဲ့ မပြီးနိုင်သေးတဲ့ ဘ၀ကို ဆက်လျှောက်ခဲ့တယ်။ ဒီလိုနဲ့ စနေ၊ တနင်္ဂနွေမှာ ဒဂုံတက္ကသိုလ်ကို Practical သွားရင်းနဲ့ 2002 ခုနှစ်မှာ ဘွဲ့ကော ကွန်ပျူတာကော ပြီးခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရာထူးတိုးခေါ်တဲ့အချိန်နဲ့ တိုးလို့ ကွန်ပျူတာလုပ်ဆောင်ရေးမှူးဖြစ်ခဲ့တယ်။

အသက် ၁၉ နှစ်နဲ့ အလုပ်ဝင်ခဲ့သူမို့ ရုံးမှာ လူကြီးတွေအတွက် စိတ်ညစ်စရာဖြစ်မှန်းမသိဖြစ်ခဲ့တယ်။ လက်ထောက်ညွှန်ကြားရေးမှူးက Problem Child လို့ ခေါ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ အလုပ်ပိုင်းမှာ ပြောစရာမရှိပေမဲ့ ရုံးစည်းမျဉ်း စည်းကမ်းတွေကို နားမလည်ခဲ့ဘူး။ အဲ့ဒီ့အရွယ်တုန်းက Mature မဖြစ်သေးဘူးလို့တော့ ပြောကြတယ်။

မြန်မာ့အသံ ရုံးတော်ကြီးမှာ 2006 ခုနှစ်မှာ နေပြည်တော်ပြောင်းရမယ်ဆိုပြီး အသံတွေ ထွက်လာတယ်။ နေပြည်တော်ကို လိုက်ရမှာကိုလဲကြောက်၊ ဒီအသက်အရွယ်ကြီးအထိ အမေ့ကို လုပ်မကျွေးရသေးပါလားဆိုပြီး ပြန်စဉ်းစားမိတော့ နောက်ဘ၀တစ်ခုကို စဖို့အတွက် ခြေလှမ်းလှမ်းခဲ့တယ်။ 2006 March မှာ စိတ်မကောင်းခြင်းများစွာနဲ့ မွေးစားအဖေ၊ အဖိုး၊ ချစ်မမကြီးများ၊ ချစ်ကိုကြီးများနှင့် ချစ်လှစွာသော သူငယ်များကို Good Bye လုပ်ခဲ့ပြီး ခြေလှမ်းသစ်ကို စခဲ့တယ်......

Friday 6 July 2007

အလတ်မလေးရဲ့ရင်ထဲမှာ

တစ်ခါတစ်လေ ကျွန်မဘ၀ကို ကျွန်မ အားငယ်မိတယ်။ မိသားစုထဲမှာ မောင်နှစ်မ (၅) ယောက်မှာ အလည်ခေါင်မှာ အလတ်အနေနဲ့ ဖြစ်နေတာကိုက ရွေးချယ်စရာမရှိတဲ့ လမ်းပေါ်မှာရောက်နေတယ်။ အလတ်ဆိုတော့ ဖေဖေကလဲ မချစ်ဘူး၊ မေမေကလဲ ဂရုမစိုက်ဘူးလို့ ထင်ခဲ့တယ်။

အလတ်မ မေမေကအပျိုတုန်းက ကျောင်းဆရာမဆိုတော့စည်းကမ်းရှိပြီးသနားတတ်သလို ငွေးရေးကြေးရေးမှာလဲ စီစစ်တယ်ပြန်တယ်။ ဖေဖေကတော့ ငယ်ငယ်ထဲက သူဌေးသားမို့ လိုတိုင်းရ တတိုင်းရတဲ့သူပီပီ အတ္တကြီး တတ်ပြန်တယ်။ မေမေက ထက်မြတ်ပြီး ပညာတတ်တဲ့မိန်းမတစ်ယောက် ဖြစ်နေတော့ ကျောင်းဆရာမ အလုပ်ကထွက်ပြီး ဖေ့ဖေ့မေမေ (အဖွား)တို့ရဲ့ စီးပွားလုပ်ငုပ် လက်ရင်းဖြစ်တဲ့ ပဲလှော်ဖိုလုပ်ငန်းကို ဦးစီးခဲ့တယ်။ မနက်မိုးလင်းက မိုးချုပ် အလုပ်သမားတွေနဲ့ ချာချာလည်နေခဲ့တယ်။ ဖေဖေကတော့ သူဝါသနာပါတဲ့ ဓါတ်ပုံလုပ်ငန်းကို ဦးစီးခဲ့တယ်။ မိသားစု တစ်ခုမှာ လင်နဲ့မယား စီးပွားပြိုင်သလိုဖြစ်နေပြန်တယ်။ တစ်နှစ်နဲ့တစ်နှစ် ဖေဖေ့ဝင်ငွေနဲ့မေမေ၀င်ငွေက၊ကွာခြားသလို ဖေဖေ၊ မေမေတို့ရဲ့စိတ်ဓါတ်တွေလဲ ပြောင်းလဲမှန်းမသိ ပြောင်းလဲလာတယ်။ မေမေဟာ စီးပွားရေးဇောကပ်ပြီး အိမ်ထောင်ရေးမှာလစ်ဟင်းခဲ့တယ်။ ဖေဖေ့ရဲ့ ဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ခဲ့ပြန်ဘူး။ မေမေက ဈေးထဲကဆိုင်တွေကိုဦးစီးပြီး မိုးလင်းက မိုးချုပ် အလုပ်တွေနဲ့ ပိနေတယ်။ ဖေဖေက ဓါတ်ပုံလုပ်ငန်းတစ်ဖက်နဲ့ အိမ်ကအလုပ်သမားတွေကိုလဲ စီမံခန့်ခွဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မ အသက် (၁၃) နှစ်သမီးမှာ ကျွန်မတို့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အချိန်တန်လာတယ်လို့ပြောရမလား?အရင်ဘ၀တုန်းကသူများမိသားစုကိုဖြိုခွဲခဲ့လို့ဝဋ်လိုက်တယ်ပဲ ပြောရမလား? လောကကြီးမှာ သူများမိသားစုဘာဖြစ်ဖြစ် ငါချမ်းသာဖို့အဓိကဆိုပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မိန်းမ မျိုးတွေ ပေါလာလို့ပဲလား? မသိဘူး.. ကျွန်မတို့ မိသားစုကိုဖြိုခွဲတဲ့ မိန်းမတစ်ယောက်ကြောင့် မိသားစုအားလုံး ရှင်ကွဲကွဲခဲ့ရတယ်။ ဖေဖေဟာ အိမ်က ပဲလှော်ထုပ်တဲ့ အလုပ်သမလေးနဲ့ ငြိစွန်းခဲ့ရာမှ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ထားတဲ့အထိဖြစ်လာခဲ့တယ်။အဲ့ဒီ့အချိန်တုန်းကအလတ်မလေးရဲ့အမုန်းဆုံးဟာ ဖေဖေ့နောက်မိန်းမ (မယားငယ်မ)ကိုပဲ။ အခုအချိန်ထိလဲ မုန်းနေဆဲလို့ ပြောရရင်ရပါတယ်။


မေမေဟာ (၂) ယောက် မပေါင်းနိုင်ဘူးဆိုတဲ့ မာနနဲ့ ခံယူချက်ကြောင့် ဘာဥစ္စာပစ္စည်းမှမယူပဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ကိုကြီး၊မမကြီးနဲ့ညီမလေးကိုခေါ်သွားပြီးအလတ်မနဲ့ မောင်လေးကို ကျောင်းပညာရေးကြောင့်ဆိုပြီး ဖေဖေနဲ့ထားခဲ့တယ်။ အဲ့ဒီ့အချိန်ကပြီး အလတ်မရဲ့ ဘ၀မှာ မျက်ရည်တွေကို အဖော်ပြုခဲ့ရတယ်။ မေမေဦးစီးခဲ့တဲ့ လုပ်ငန်းကြီးလဲ ရပ်ပစ်ခဲ့ရတယ်။ ဖေဖေကတော့ သူ့လုပ်ငန်းကို အရှိန်မပျက် ဆက်လုပ်ခဲ့တယ်။ ဒီလိုနဲ့ မေမေဆင်းသွားပြီး (၅) လအကြာမှ မယားငယ်မ အိမ်ပေါ်ကိုရောက်လာတယ်။ ငယ်ငယ်ထဲက အခြံအရံတွေနဲ့ နေခဲ့တဲ့ အလတ်မတို့ကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူများမိသားစုဘာဖြစ်ဖြစ် ငါချမ်းသာဖို့အဓိကဆိုတဲ့ စိတ်ဓါတ်နဲ့ မိသားစုတစ်ခုလုံးကိုခွဲခဲ့တဲ့ မိထွေး (မယားငယ်)ဆိုတော့ အလတ်မတို့ မောင်နှစ်မ (၂) ယောက်အတွက်တော့ ငရဲအလားပေါ့။ ဖေဖေကတော့ တချို့ကိစ္စတွေ မသိသလို၊ သိအောင်လဲ အလတ်မ မပြောခဲ့ပါဘူး။


အဲဒီ့အချိန်တုန်းက ဘုရားမှာ အမြဲဆုတောင်းတယ်။ အလတ်မ တောင်းတဲ့ဆုက “ဆယ်တန်းမြန်မြန်အောင်ပြီး ဒီအိမ်နဲ့ အဝေးဆုံးကို သွားရပါလို၏ ဘုရား။” အလတ်မ ဆုတောင်းပြည့်ခဲ့ပါတယ်။ ဆယ်တန်းကို နှစ်ခြင်းပေါက်အောင်ခဲ့တယ်။ အောင်ပြီး ၂ လ အကြာမှာ ဖေဖေနဲ့ အဝေးဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ ကွန်ပျူသင်တန်းတက်၊ အလုပ် လုပ်၊ တက္ကသိုလ်တက်ပြီး အလတ်မရဲ့ဘ၀ကို စတင်ခဲ့တယ်။ ဖေဖေ့အိမ်က ဆင်းလာပြီးထဲက အခုအချိန်ထိ အလတ်မ အိမ်ကို မပြန်ခဲ့ပါဘူး။ ခဏပြန်ရင်တောင် ဖေဖေ့အိမ်မှာ တစ်ညမအိပ်ခဲ့ဘူး။


အလတ်မရဲ့ဘ၀က မပြည့်စုံသေးသလို မပျော်ရွှင်နိုင်သေးပါဘူး။ တခြားအလတ်မတွေတော့ မသိဘူး။ ဒီအလတ်မလေးကတော့ ကံကောင်းခြင်းတွေကို တောင့်တမျှော်လင့်ဆဲပါပဲ။ တစ်နေ့နေ့တချိန်ချိန်မှာ အပျော်ရွှင်ဆုံးဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

ဖေဖေ၊ မေမေတို့နဲ့ ပျော်ရွှင်တဲ့မိသားစုဘ၀ကို ပြန်မရနိုင်တော့ပေမဲ့ တောင့်တ မျှော်လင့်ဆဲ.....