Tuesday 13 December 2011

တန်ခိုးကြီးသူ

ဒီနိုင်ငံရောက်မှ ကိုယ့်ကိုကိုယ် တန်ခိုးကြီးမှန်းသိတော့တယ်။ တန်ခိုးကြီးတယ်ဆိုလို့ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းထားလို့ တကယ့်တန်ခိုးကြီးသူတွေလို့တော့ မထင်လိုက်ပါနဲ့။

ဘယ်လိုတန်ခိုးကြီးသလဲဆိုရင် အလတ်မ ဘာလုပ်လုပ် မျက်စိဒေါက်ထောက်ကြည့်ပြီး လိုက်ပြောနေကြတာ ကိုက တန်ခိုးကြီးသူဖြစ်မှန်းမသိ ဖြစ်လာပေါ့။ (အမေတောင် ဒီလောက်မပြောနိုင်) `က´ ဆိုလဲ `က´ ပြန်ပြီ။ `ဆို´ ဆိုလဲ `ဆို´ ပြန်ပြီ။ အလတ်မ ဘာလုပ်တယ် ဘာကိုင်ဆိုတာကို သူတို့က ပါးစပ် မပိတ်တန်းပြော ပြော နိုင်လွန်းတယ်။ ဖုန်းခ အကုန်ခံပြီးတော့ကို ပြောကြတယ်။ `ပြောမဆုံးပေါင် တောသုံးတောင်´ သူတို့ကို ခေါ်သလား မသိ။ ပြောချင်တာပြောကြပါစေ။ အလတ်မတို့က `အပင်မြင့်လေ လေတိုက်ခံရလေ´ လို့ မှတ်ယူထားသူကိုး။


ဇာတ်လမ်းကို စရမယ်ဆို။ ဒီနိုင်ငံမှာ NGO အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲ့ဒီ့အဖွဲ့အစည်းက ဒုက္ခရောက်နေတဲ့ လူတိုင်းကို အကူအညီတွေပေးတယ်။ အလတ်မ ယခုလက်ရှိအလုပ်ကိုလဲ အဲ့ဒီ့ NGO ကပဲ အကူအညီပေးခဲ့တာ။ ကျေးဇူးရှိတဲ့အတွက် NGO က ဘယ်လိုအကူအညီတောင်းတောင်း ချက်ချင်းပြေး လုပ်ပေးနေကြ။ ပွဲလန်းသဘင်တိုင်းလဲ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေပေးသလို၊ ကွန်ပျူတာ တခုခုဖြစ်လို့ လာလုပ်ပေးပါဦးဆိုလဲ လုပ်ပေးတယ်။ ဘာစာလာရိုက်ပေးပါဦးဆိုလဲ အလုပ်ကို ပြစ်ပြီး ပြေးလုပ်ပေးနေကြ။

NGO ဆိုတာက အဖွဲ့အစည်းတခုဆိုတော့ သူ့အစဉ်အလာအတိုင်း Member ဆိုတာလဲ ရှိသပေါ့။ အဲဒါနဲ့ ကိုယ်လဲ Member ပေါ့။ နောက်ပိုင်း အလတ်မကလဲ Sunday ပဲ နားရက်ဆိုတော့ အဲ့ဒီ့နားရက်လေးမှာ `မိုးရွာတုန်း ရေခံ´ ဆိုသလို ကွန်ပျူတာကလဲ သင်စားသေးသကိုး။ Sunday တိုင်း မသွားနိုင်တဲ့အတူတူ Member လဲ မ၀င်ဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ သူတို့ ခိုင်းတိုင်းတော့ သွားပြီး လုပ်ပေးနေကြပါပဲ။

1-1-2012 က အလတ်မမွေးနေ့လေ။ မွေးနေ့တိုင်းအလှူလုပ်နေကြဆိုတော့ ဒီနှစ်လဲ အလှူလုပ်ချင်စိတ် မရှိ တရှိရယ်။ မလုပ်ချင်တာက ဒီလိုပါ။ တိုက်ခန်းဝယ်တုန်းက ချေးထားတဲ့ပိုက်ဆံလေး ပြန်ဆပ်စရာရှိတော့ မလုပ်ချင်/လုပ်ချင်ပေါ့။ အလှူဆိုတာကလဲ မွေးနေ့ကိုလာတဲ့လူတွေကို ကျွေးတာပါ။ Birthday Cake လေး လှီး (တချို့) သူတို့ အသုံးမလိုလို့ ပေးတဲ့ လက်ဆောင်လေးယူ။ မွေးနေ့လာတဲ့လူတွေကို အမှတ်တရ ဘုရားပုံတို့၊ Calender တို့ ပြန်ပေးပေါ့။ ပြက္ဒဒိန်ပြန်ကြည့်တော့ 1st January က Sunday ဖြစ်နေလေတော့ လူတိုင်းက ကိုယ့်မွေးနေ့ကိုသိနေတော့ ရှောင်လို့မကောင်းပါဘူးလေ။ မရှိလဲ ချေးငှားကျွေးမယ်စိတ်ကူးနဲ့ အစီအစဉ်ဆွဲတော့တာပေါ့။ ဗူးသီးနဲ့ ကြက်သားကို ကာလသမီးလေးချက်... (ဟိဟိ.. ချက်ပေးမဲ့မမကြီးက မိန်းခလေးဆိုတော့)၊ ၀က်အချိုချက်လေး၊ ကြက်အသဲအမြစ်အစပ်ချက်လေး၊ ကျောက်ပွင့်သုပ်၊ ပဲပြုတ်နဲ့မျှစ်ကြော်လေး၊ ငပိရည် တို့စရာလေးနဲ့ ကျောက်ကျောလေးထိုးမယ် ဆိုပြီး စိတ်ကူးလဲယဉ် ချက်ပေးမဲ့ အစ်မကြီးနဲ့လဲ တိုင်ပင်ပေါ့။

အလတ်မက လုပ်ဖို့ကို (၂) နေရာပြောထားတာ။ တစ်နေရာက သူငယ်ချင်းအိမ်မှာပေါ့။ မနေ့ညကမှ သူငယ်ချင်းကပြောတယ် သူ့က အိမ်ငှားနေတာဆိုတော့ တခြားလူမျိုးခြားတွေလဲရှိတော့ အဆင်ပြေဘူးပေါ့။ ကိုယ့်ဘက်ကတော့ အားလုံးအဆင်သင့်ဖြစ်နေပြီ လုပ်မဲ့နေရာကို လွန်ခဲ့တဲ့လ ထဲကတော့ ကြိုပြောထားပြီးသား။ သူငယ်ချင်းအိမ်မှာ မလုပ်ဖြစ်တော့။ NGO ကိုကလဲ Confirm မလုပ်ရသေးတာ သတိရပြီး ဒီနေ့သွားလိုက်တယ်။ အဲ့ဒီ့မှာ ပြဿနာက စတာပဲ။ အဲ့ဒီ့ NGO မှာ အလုပ်လုပ်နေတာက (၄) ဦးရှိတယ်။ ရာထူးအကြီးဆုံးက English လူမျိုး၊ တော်တော်သဘောကောင်းတယ်ဆိုတာထက် စိတ်ထားအရမ်းပြည့်တယ်။ လူတွေကိုလဲ လေးစားတယ်။ သူ့ဆို လူတိုင်းက ချစ်ကြောက်ရိုသေကြတယ်။ ဒုတိယရာထူးအကြီးဆုံးက အိန္ဒိယလူမျိုး သူက မြန်မာပြည်မှာ (၅) နှစ်လောက်နေခဲ့ဖူးတော့ မြန်မာစကားနဲနဲတတ်တယ်။ ကျန်တဲ့ (၂) ယောက်က မြန်မာလူမျိုး။ တတိယ ရာထူးအကြီးဆုံးနဲ့ ရာထူးအငယ်ဆုံးပဲဆိုပါတော့။

အဲ့ဒီ့ ရာထူးအငယ်ဆုံး နောက်မှရောက်တဲ့ ရွှေကြာပင်က Power တွေမျိုးစုံပြတယ်။ သူ့အကြောင်းပြောရမယ် ဆိုရင် ဒီနိုင်ငံမှာ မြန်မာလူမျိုးထဲက English လိုကောင်းကောင်းပြောနိုင်၊ ရေးနိုင်တာ သူတစ်ယောက်ပဲရှိတယ်ဆိုပြီး နေရာတကာ ဆရာလုပ်တယ်။ ဒီနိုင်ငံရောက် ရွှေတိုင်းလဲ ပြောတတ် ပါတယ်။ ရောက်တုန်းတာ အိုးနင်းခွက်နင်းပေါ့။ ကြာတော့လဲ ဖွတ် ရွှတ် ဒိုင်း နဲ့ နေတာပဲ၊ ပြောကြတာ။ အဓိက လမ်းမပျောက်ရင်ပြီးရော အလုပ်ရှင်နဲ့ အဆင်ပြေရင်ပြီးရောပေါ့။ (အသားထဲက လောက်ထွက်ဆိုတာ သူလိုလူမျိုးပေါ့) လူတကာကို အော်တယ်။ ငေါက်တယ်။ တချို့ ဒုက္ခရောက်နေတဲ့ လူမျိုးခြားတချို့ကိုတောင် ပါးရိုက်တယ်ဆိုပဲ။ သူ့ကိုယ်သူလဲ အရမ်းတိကျတယ်။ အချိန်ဆိုလဲ Right Time မှဆိုပြီး ပြောလေ့ရှိတယ်။

ဒေါ်တိကျကြီးပေါ့။ ဒေါ်တိကျကြီးတို့ တိကျပုံက မြန်မာပြည်ကို ခွင့်ပြန်တော့ ဒီက ရွှေတွေက ပစ္စည်းတွေ သူတို့ မိသားစုအတွက်ပေးကြတာပေါ့။ အဲ့ဒီ့ပစ္စည်းအထုပ်တွေကို ပိုင်ရှင်ပေးတဲ့အတိုင်း မထည့်ပဲ။ ဟိုလူ့အထုပ်ဖောက်၊ ဒီလူ့အထုပ်ဖောက်နဲ့ ထည့်ချင်သလို ထည့်ပြီး ပြန်သွားလေရဲ့။ မြန်မာပြည်ရောက်တော့ ပစ္စည်းတွေ လာတောင်းလို့ပေးတော့ ပေးချင်သလိုပေးလိုက်မှာပေါ့။ အဲ့ဒီလိုနဲ့ ဒီကလူတွေက ဟိုဟာရလား? ဒီဟာရလား? ဖုန်းဆက်မေးတော့ မရဘူးပေါ့။ နောက်ဆုံးတော့ ဒီကလူတွေ ဖုန်းဖိုးနဲ့ မွဲကြကုန်လေသတည်းပေါ့။ တိကျပုံပြောပါတယ်။ :P

သြော် အလတ်မနှယ် စကားက ဟိုရောက်ဒီရောက်။ ပြန်ကောက်ကြဦးစို့။ ဒီနေ့ NGO ကိုသွားပြီ ဘဲလ်တီးတယ်။ တံခါးဖွင့်ပေးတာက အကြီးဆုံးဆိုတော့ အတော်ပဲဖြစ်သွားတယ်။ ၀င်လဲဝင်လိုက်ကော ဒေါ်တိကျကြီး ထွက်လာတယ်။ နောက်ကနေ ခါးထောက်ပြီးကြည့်နေတယ်။ ကိုယ်ကလဲ အကြီးဆုံးကိုပြောမှ ပြီးမဲ့ကိစ္စဆိုတော့ အကြီးဆုံးနဲ့ စကားနဲနဲပြောချင်ပါတယ်လို့ ခွင့်တောင်းလိုက်တယ်။ လူမှန်ရင် လူမှုရေးဆိုတာရှိတယ် ဟုတ်တယ်ဟုတ်။ နိုင်ငံခြားမှာ နေတဲ့လူတိုင်းလဲ (၂) ယောက်ထဲ ပြောချင်လို့ ခွင့်တောင်းတယ်ဆို တခြားလူတွေက ထွက်ပေးကြတယ်။ ရှောင်ပေးကြတယ်။ ဒေါ်တိကျကြီးကတော့ ခါးထောက်မြဲထောက်ပြီး နားထောင်လျက်ပါပဲ။ အလတ်မမွေးနေ့ပွဲကို လုပ်ခွင့်ပြုပါလို့ အကြီးဆုံးကိုခွင့်တောင်းတော့ သူက ရှေ့တက်လာပြီး ပြောလေသတည်း။ "She is not member anymore thus why some of the girls said why she can do there." တဲ့။ အလတ်မကလဲ ပြောလိုက်ပါတယ်။ Member က Expired ဖြစ်သွားပြီ။ ဒါပေမဲ့ တတိယ ရာထူးအကြီးဆုံးက သူ ခရီးကပြန်လာရင် လုပ်ပေးမယ်လို့ပြောထားလို့ စောင့်နေတာ ပါလို့။ မွေးနေ့မှာ ရွှေမြန်မာတွေကိုမရှိတဲ့ကြားက တစ်နှစ်မှာ တစ်ရက်ပဲလှူရတဲ့ အလှူမို့ ကျွေးချင်လို့ ပါလို့ ပြောလိုက်တယ်။ အဲဒီ့တော့ ဒေါ်တိကျကြီးက ဘာပြန်ပြောသလဲဆိုတော့။ "You don't need to donate" တဲ့။

အလတ်မတို့ကလဲ ပြောလိုက်ပါတယ်။ နင့်ကိုလှူမှာမဟုတ်ပါဘူးလို့။ တခြားမြန်မာ မိန်းခလေးတွေ ကို ကျွေးမှာပါလို့။ ကဲ ရိုင်းတယ်ပြောလဲ ခံရုံပေါ့။ တကယ်ဆို သူက မြန်မာလူမျိုးပါ။ သူက ၀င်ပြီး ကူမပြောပေးတဲ့အပြင် မလုပ်နဲ့။ တခြားလူတွေလဲလုပ်ကြမယ်တဲ့။ သူတို့ပြောတာကို စောင့်နားထောင်ပြီးမှ နေရာရှိတယ်ဆိုမှ လာလုပ်လို့ဝင်ပြောစရာလား။ အဲဒါနဲ့ အကြီးဆုံးက နှစ်ကိုယ်ကြားပြောလိုက်ပါတယ်။ တတိယအကြီးဆုံးလာတော့ တိုင်ပင်ပြီးလုပ်စရာရှိတာကို လာလုပ်ပါတဲ့။

အဲ့ဒီလိုဝင်ပြောခြင်းအားဖြင့် သူ့အတွက် ဘာဖြစ်သွားသလဲဆိုတော့ သူ့စိတ်ဓါတ်ကို ရာထူးအကြီးဆုံးသူက သိသွားတာပေါ့။ အလတ်မတို့က အဲ့ဒီ့မှာ မကျွေးရလဲ ဘာမှမဖြစ်ပေါင်။ မလွှဲသာမရှောင်သာလို့သာ ကျွေးရမှာ။ ပထမ မွေးနေ့ပွဲ မလုပ်တော့ဘူးလို့ ညီမလေးတစ်ယောက်ကိုပြောဖူးတယ်။ သူက အစ်မကလဲ Euro 100 လေးကုန်မှာကို ကတ်စေးနှဲတယ်လို့ပြောလို့ပါ။ ငါက ကပ်စေးမနှဲဘူးလို့ `ကုသိုလ်တပဲ ငရဲတပိဿာ´ ငါ့မွေးနေ့မှာ အဖြစ်မခံချင်လို့ သိပ်မလုပ်ချင်တာလို့ ပြောလိုက်တယ်။

အလတ်မဆိုတာ ငယ်ငယ်ထဲက မာနကြီးသူပီပီ။ သူများက `သေးသေးတင်´ ရင် ကိုယ်က `ဆံခတ်´ ရမှာ ကျေနပ်သူမို့ ဘယ်သူ့အကြောမှ မခံ။ ကိုယ်မှန်တယ်ထင်ရင် ပြန်ကိုက်.. အဲလေ မှားလို့ ပြန်ပြောနေကြဆိုတော့ တချို့လူတွေက ကိုယ့်ဆီက အကူအညီတောင်းတိုင်းရမှန်းသိတော့ `ညီမလေး´ `မကြီး´ နဲ့ ညာခိုင်းတတ်ကြပြန်တယ်။ ညာခိုင်းတယ်ဆိုတာကို သိသိကြီးနဲ့ မကူညီရ မနေနိုင်သူမို့ ကူညီမြဲပေါ့။ အခုခေတ်ကြီးကလဲ `ကျေးဇူးမတင် -င်လှန်ပြ´က တယ်များသဗျို့။ တချို့တချို့ကြပြန်တော့လဲ `(၁၀) ခါခိုင်းပြီး (၁) ခါ မကူညီနိုင်တာလေးကို´ မခေါ်မပြောကြပြန်ဘူးရှင့်။ (စကားမစပ် - မြန်မာ့အသံမှာလုပ်တုန်းက လူတကာက ခိုင်းတိုင်းလုပ်တယ်ဆိုပြီး အစ်ကိုတစ်ယောက်က အမေ့ကို တိုင်ဖူးတယ်။ အန်တီ့သမီး လူတကာက အကူအညီတောင်းတယ်ဆိုပြီး ခိုင်းတာကို `ဘုံကျွန်´ လုပ်တယ်ဆိုပြီး။ အမေကတော့ တိုင်တော့ ဆူတာပေါ့။ နောက်တော့ရှင်းပြလိုက်တော့ မဆူတော့ပါဘူး။) အခုဒီရောက်တော့လဲ `ဘုံကျွန်´ ထပ်လုပ်နေပြန်ပြီ။

အလတ်မတို့ကလဲ ဘယ်သူခေါ်ခေါ် မခေါ်ခေါ် မမှုပေါင်။ အလတ်မ ၀ါသနာပါတဲ့ ကွန်ပျူတာ တစ်လုံးရယ်။ ကိုက်စရာ ချစ်ချစ်ရယ်.. အယ် မှားပြန်ပြီ (ချစ်စရာ) ရှိပြီးသားကိုး။ ဘယ်သူကဖြင့် ငါ့ကိုမခေါ်ဘူးဆိုပြီး စိတ်ဆိုးလဲ ခဏပေါ့။ မေ့သွားတာက များများရယ်။ ဒီနေ့ကတော့ စိတ်တိုလွန်းလို့ ရင်ထဲက ဒေါသကို စာအဖြစ်ပြောင်းလိုက်တာပါ။

မဟုတ်ပါဘူး။ ဘယ်သူတွေက အလတ်မမွေးနေ့လုပ်မှာကို ကန့်ကွက်တာလဲ? ဘာကိစ္စ လုပ်ခွင့်မပြုနဲ့လို့ ဖုန်းဆက်ပြီး (သို့) လူချင်း အတင်းချပြီး ပိတ်ခိုင်းရတာလဲ? သူတို့ကော လာမစားကြဘူးလား? (သေချာပါတယ်။ ချွန်တွန်းလုပ်တဲ့ တလုံးချိုင့်တွေတော့ လာစားမယ် မထင်) အလတ်မ မွေးနေ့ပွဲမရောက်ခင် ဘာဖြစ်လို့ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရတာလဲ? လူတွေက ဘယ်လိုတွေလဲ?

အလတ်မ သေချာသလောက်ကတော့ ဒီနှစ်မွေးနေ့မှာ ပျော်ရွှင်နိုင်မည် မထင်ပါ။ လုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အကုသိုလ်တပွေ့တပိုက်နဲ့ မွေးနေ့ပွဲဖြစ်ပေလိမ့်မယ်။

No comments:

Post a Comment