Monday 12 December 2011

One Table ကြေး တဲ့လား?

သူ့နာမည်က မျိုးသက်တဲ့။ သူက အလယ်တန်းကျောင်းကနေ (၈) တန်းအောင်လို့ အလတ်မတို့ အထက်တန်းကျောင်းကို ပြောင်းလာခဲ့တဲ့အချိန်မှာ သူ့ကို အလတ်မ တွေ့ခဲ့တယ်။ အလတ်မက (C) တန်းမှာ တက်ရတယ်။ သူကတော့ (B) တန်းမှာပေါ့။ အလတ်မတို့ အခန်းချင်းကပ်ရပ်ပေါ့။

အလတ်မကအခန်းထဲမှာဆို ငယ်ငယ်ထဲက ရှေ့ဆုံးမှာ ထိုင်နေကြလေ။ သူက အလတ်မ အခန်းရှေ့က သူဖြတ်တာနဲ့ လက်ဖြောက် (၃-၄) ချက်လောက် တီးတီးတတ်တယ်။ တစ်နေ့ ဘာရယ် မဟုတ် အလတ်မ ဆရာမ မလာလို့ အတန်းရှေ့က လူတွေကို လျှောက်ကြည့်ရင်းနဲ့ သူ့ရဲ့ လက်ဖြောက်သံကို စိတ်ဝင်စားသွားမိတယ်။ အဲ့ဒီ့အချိန်ကစပြီး သူ့ကို ငြိတွယ်မိခဲ့တယ်။

အလတ်မရဲ့ အစ်မ၀မ်းကွဲတစ်ယောက်နဲ့ သူနဲ့ငယ်ငယ်ထဲက တစ်ကျောင်းထဲနေခဲ့ရတဲ့သူဆိုတော့. သူ့အကြောင်းတွေကို အလတ်မကို ပြောပြောပြတယ်။

သူ့မှာ ရည်စား (၅) ယောက်လောက် ရှိခဲ့ဖူးကြောင်း၊ မိန်းခလေးတစ်ယောက်ကို (၃) လ ထက်ပို မလိုက်ကြောင်း၊ သူလိုက်တဲ့ မိန်းခလေးတိုင်းကလဲ (၃) လ အတွင်းရကြောင်း၊ စာတော်ကြောင်း၊ ဗဟုသုတ လိုက်စားတဲ့အကြောင်း၊ အတန်းထဲမှာ အဆင့် (၁) ကနေ (၅) အထိ ရကြောင်း၊ ဆရာ/ဆရာမတွေက ချစ်ကြောင်း၊ ဂီတာတီးကောင်းကြောင်း၊ သီချင်းဆိုတော်ကြောင်း စုံလင်လှတဲ့ သူ့အကြောင်းတွေကို တဖြေးဖြေးနဲ့ သိလာရတယ်။

အလတ်မ ကျောင်းနာမည်က “ရှင်းရှင်းကလျာ” လေ။ အလတ်မကလဲ ကျောင်းမှာ နာမည်ကြီးတစ်ယောက်ထဲမှာပါတယ်။ အလတ်မ ရည်းစားစာ လိုက်ပေးတဲ့ ကျောင်းသား တိုင်းကို ကျောင်းအုပ်ကြီး ရုံးခန်းအရောက် ပို့ပေးနေကြလေ။ အလတ်မတို့ အဖွဲ့က (၁၃) ယောက်ရှိတယ်။ သူငယ်တန်းထဲကပေါင်းလာတဲ့ သူငယ်ချင်းတွေကြီးပဲ။ အလတ်မက ငယ်ငယ်တုန်းကဆို စာတော်တဲ့အထဲမပါသလို ညံ့တဲ့ထဲလဲ မပါဘူး။ စာကျက်ရမှာ အရမ်းပျင်းတာ အလတ်မပါ့။ သူများစာကျက်တာ နားထောင်ရင်း စာရတဲ့အထဲမှာပါတော့ စာမေးပွဲတိုင်း အသေအလဲ မကျက်ပဲ အောင်နေကြလေ။ အဲ့ဒီလို အပျင်းကြီးလို့ (၉) တန်းမှာ အလတ်မ တစ်ယောက်ထဲ (C) တန်းရောက်သွားတာလေ။

အဲဒီလိုနဲ့ သူက အလတ်မကို စပြီး လိုက်တယ်။ အလတ်မ သတင်းကြားထားလို့ထင်တယ်။ စာတော့ ကျောင်းမှာ လိုက်မပေးရဲဘူး။ စလိုက်တယ်ဆိုတာကလဲ နောက်က လိုက်တာပါပဲ။ စကားတစ်ခွန်းမှ မပြောဘူး။ အလတ်မ တက်တဲ့ ကျူရှင် လိုက်တတ်တယ်။ အလတ်မစီးတဲ့ စက်ဘီးအရောင်အတိုင်း လိုက်ဝယ်ပြီး စီးတယ်။ သူနဲ့ အခန်းတူတဲ့ အလတ်မ သူငယ်ချင်း (၂) ယောက်နဲ့ သူက ပိုင်အောင် ပေါင်းလိုက်တယ်။ ရွှေခိုင်နဲ့ ရွှေစန်းကိုပေါ့။ အလတ်မကလဲ သူ့အကြောင်းတွေ အကုန်ကြားထားတဲ့ လူဆိုတော့ သူ့ကို ခန့်လန့်လန့်ပဲပေါ့။ သူငယ်ချင်းတချို့ကတော့ လုံးဝ ကန့်ကွက်တယ်။ ပြန်မကြိုက်ရဘူး။ သဘောမတူဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့။ သူက မိန်းကလေးတွေ အထာပဲ နပ်တာလား? ကျမ်းပဲ ကြေတာလားတော့ မသိဘူး။ သူလိုက်တယ်ဆိုတာတော့ သိအောင် နည်းမျိုးစုံနဲ့ပြတယ်လေ။

တဖြည်းဖြည်းနဲ့ အလတ်မတို့ ပထမအစမ်းစာမေးပွဲ နီးလာတယ်။ အဲဒီခေတ်တုန်းက ဒိုင်ယာရီလို စာအုပ်မှာ သီချင်းရေးပေးတဲ့ ခေတ်ကိုး။ အလတ်မတို့ သူငယ်ချင်းတွေကို သူ့စာအုပ် ကိုယ်ရေးပေး။ ကိုယ့်စာအုပ် သူရေးပေးနဲ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ ရေးပေးခဲ့ကြတယ်။ အလတ်မ စာအုပ်က ရွှေခိုင်ဆီရောက်သွားတဲ့အချိန်မှာ သူက အလတ်မ စာအုပ်မှာ သီချင်းလေး တစ်ပုဒ်ရေးပေးခဲ့တယ်။ အဲဒီ့ သီချင်းက...

“တောင်းဆု”

ဒီဘ၀မှာ မင်းနဲ့အတူတူမပေါင်းရပေမဲ့လဲ

နောင်ဘ၀ဆိုတာ ရှိခဲ့ရင် တောင်းဆုပြုနေမယ်...

အတူတူယှဉ်ကာ ပေါင်းကြရစေသား..

ဒီဘ၀ ဒီမျှလောက်သာ ချစ်ခွင့်ပါလာ သလား

အရင်ဘ၀က ရှေးကုသိုလ် နဲခဲ့တာကြောင့်လား

ဒီအချိန်အခါမှာ လမ်းခွဲရတာပဲ...

အချစ်ဦးရေ အခုတော့ အသစ်တစ်ဦးနဲ့ပျော်ပြီပေါ့

အရင်ဆုံး ချစ်ဦးတို့ကို မေ့လို့နေပြီလား

ပျော်ရွှင်နေအောင် တောင်းဆုပြုနေမယ်..

ရင်ထဲမှာ အသည်းနင့်အောင် ချစ်ခဲ့ပေမဲ့လဲ..

ဆုံစည်းစရာ လမ်းဝမှာ စည်းတားနေခဲ့လဲ

ကံကြမ္မာဟာ တို့ဘက် မရပ်တည်ခဲ့...

စည်းတစ်ဖက်မှာ ကျန်ရစ်မဲ့ ခရီးဆက်ပါ ချစ်ဦးရေ ပျော်ပါစေ....

ကျမျက်ရည်ဝေဖို့အတွက် ဘ၀တကွေ့မှာ ဆုံစည်းခဲ့ကြ ရတာပဲ..

အခြေအနေတွေဟာ လွမ်းဖို့ဖြစ်လာတယ်...

ကျွန်မ မမှတ်မိသလောက်လေးပါ...သူတကယ်လဲ မှင်နီနဲ့ ရေးပေးခဲ့တာပါ။

တစ်နေ့ အလတ်မသူငယ်ချင်း ကိုနောင်ကပြောတယ်။ “ရှင့်” နင့်ကို ဟိုကောင်က One Table ကြေး လိုက်တာတဲ့။ (၃) လအတွင်း နင့်ဆီက အချစ်ကို ရစေရမယ်တဲ့။ ငါရရင် မင်းတို့ One Table ကျွေးဖို့ ပြင်ထားတဲ့။ အဲ့ဒီ့စကားကို ကြားလိုက်တဲ့အချိန်မှာ အလတ်မ သူ့ကိုတော်တော်ကို မုန်းသွားခဲ့တယ်။

ငါက One Table ပဲ တန်တာ တဲ့လား?

အလတ်မသူ့ကို တွယ်ခဲ့တဲ့ သံယောဇဉ်တွေက One Table ဖိုးတဲ့လား?

ကိုနောင့်စကားကိုတော့ ယုံတယ်။ အလတ်မတို့အဖွဲ့ထဲမှာ ကိုနောင်က တည်ကြည်တယ်လေ၊ မဟုတ်တာလဲ မပြောတတ်ဘူး။

သူ့ကို အလတ်မ လုံးဝကို ရှောင်နေခဲ့တယ်။ အလတ်မရှေ့မှာ မျက်နှာချင်းဆိုင် လျှောက်လာတာတောင် အလတ်မ မမြင်ချင်ယောင်ဆောင်နေခဲ့တယ်။ သူ အလတ်မကို စာရေးပြီး နည်းမျိုးစုံနဲ့ တောင်းပန်ခဲ့တယ်။

အရင်ကောင်မလေးတွေက ရည်စားပါတဲ့။

အလတ်မက အချစ်ဦးတဲ့။

အလတ်မအတွက် သူပြောခဲ့တဲ့ စကားလုံးတွေ။ စာတွေက ဟာသတွေ ဖြစ်သွားခဲ့တယ်။ သူ့သူငယ်ချင်းတွေနဲ့ One Table ကြေးလောင်းတယ်ဆိုတာလဲ မှန်ပါတယ်တဲ့။

သူ အလတ်မကို ဘယ်လိုကနေ ဘယ်လိုချစ်သွားမှန်း မသိပါဘူးတဲ့။ ဒါပေမဲ့ သူနောက်ကျသွားခဲ့တယ်။ အရမ်းကို နောက်ကျသွားခဲ့ပါတယ်။ သူ့ဘ၀မှာ ပြန်ပြင်လို့ မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ် ဆိုပြီး နောင်တတွေရနေခဲ့တယ်။ “နောင်တဆိုတာ နောင်မှ ရတာလေ”

သူ အလတ်မရဲ့ အချစ်ကို မရခဲ့သလို... One Table လဲ မစားလိုက်ရပါဘူး...

သူ့အတွက် ထိုက်တန်တဲ့ တုံ့ပြန်မှုက သူ့သီချင်းလေးထဲက အတိုင်းပေါ့။

--------------------------------------------------------------------------------------------

ဒါက အလတ်မ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကျောင်းတုန်းက အဖြစ်အပျက်လေးပါ။

သူငယ်ချင်းတို့လဲ One Table နဲ့ တွေ့မှာ စိုးလို့ မျှဝေလိုက်ပါတယ်။

သူငယ်ချင်း ယောက်ျားလေးများလဲ နောက်ဆို မိန်းခလေးတစ်ယောက်ကို ကျေးဇူးပြုပြီး One Table ကြေး မလောင်းမိပါစေနဲ့နော်။

1 comment:

  1. တော်သေးတာပေါ့.ရှင်ထွေးလေးရယ်..ပါများသွားရင်တော့လား....ဟိဟိ

    ReplyDelete