Sunday, 5 February 2012

တောင်ပေါ် မြသိန်းတန် ဘုရားပွဲ (ဖြူး)





ဝိုင်းစက် ပြည့်တင်းနေတဲ့ လပြည့်လေးကို ကြည့်ရင်း ရင်ထဲက အလွမ်းတွေကို စာဖွဲ့တာတောင်မှ ခံစားချက်အားလုံးကို ဘယ်လိုဘာသာပြန်ရမှန်း ကိုယ်ဖာသာ မသိဘူး။ တစ်ခါတစ်ခါ ဖိုးလမင်းကြီးကိုကြည့်ပြီး မျက်ရည်ကျမိတဲ့ နေ့ရက်တွေက များလွန်းလှတယ်။ ခွဲခွာခြင်းဆိုတာ ငယ်ငယ်ထဲက ရင်းနှီးပြီးသားမို့ အလွမ်းဓါတ်ခံ ရှိနေတာလဲ ဖြစ်နိုင်ပါတယ်။

အလွမ်းတကာ့ အလွမ်းဆုံးကတော့ ယခုလို လပြည့်နေ့တိုင်း အတူတူ ပျော်ရွှင်ခဲ့ရတဲ့ တောင်ပေါ်မြသိန်းတန် ဘုရားပွဲမှာ ဖေဖေနဲ့မေမေ ဒိုးတူဘောင်ဘက် စီးပွားရှာခဲ့ကြတဲ့ မိသားစုဘ၀လေးပဲ။ (ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဘ၀လေးပါ။)

ဖြူးမြို့ရဲ့ နာမည်ကျော် တောင်ပေါ် မြသိန်းတန်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် အနောက်ပဲခူးရိုးမတောင်ပေါ်မှာ ကျင်းပလေ့ရှိပါတယ်။ တောင်ပေါ်စေတီက လွမ်းစရာ အလွန်ကောင်းလှ ပါတယ်။ သဘာဝရဲ့အလှအပတွေ၊ စိမ်းလမ်းစိုပြေတဲ့ လယ်ကွင်းကြီးတွေနဲ့ ဖြူးမြို့ကို အပေါ်စီးကနေ ကြည့်ခွင့်ရတဲ့ အခွင့်အရေးဟာ ဖြူးမြို့မှာ လူဖြစ်ရကြိုး နပ်တယ်လို့ မပြောယုံ တမယ်ပါပဲ။

တောင်ပေါ်ဘုန်းကြီးကျောင်းက ဘုန်းဘုန်းတွေက ဧည့်ဝတ်ကျေသလို အနီးရှိ ရွာသူ/ရွာသားတွေကလဲ တာဝန်ဝတ္တရား ကျေပွန်လှပါတယ်။ တောဓလေ့ဆိုတဲ့ စကားနဲ့ ညီညွတ်ပါပေတယ်။

အဖိတ်နေ့ညမှာ မေမေနှင့် တခြားဆွေမျိုးများက တောင်ပေါ်အတွက် မနားတန်း ချက်ပြုတ်ကြော်လှော် ကြသလို၊ ဖေဖေကလဲ ဆိုင်အတွက် လိုအပ်သည်များကို (ဆိုင်းဘုတ်၊ ဒေါက်၊ ဓါတ်ပုံအလှဘောင်၊ ဖလင်၊ ဓါတ်ခဲ၊ ဘောင်ချာ၊ ကာဗွန်၊ တူ၊ ဓါး၊ သံကြိုး၊ နှီး နှင့် တခြားလိုအပ်သည်များကို စီမံလျှက်ရှိပါသည်။ အလတ်မတို့ကတော့ မိဘများအလုပ်ရှုပ်နေသလောက် မနက်ဖြန်ဝတ်ဖို့ ရွေးချယ်လျှက်ရှိပါသည်။

နံနက် (၃) နာရီထိုးတာနဲ့ ရင်းတိုက်စိန်ရွာမှ ဖေဖေ့ညီ တ၀မ်းကွဲ ဦးဝင်းသိန်း (ခ) ဦးပေါက်ခေါရဲ့ သူ့နွားတွေကို ဟိန်းဟောက်သံကြောင့် ကလေးနဲ့ ခွေးပါမကျန် တအိမ်လုံး နိုးကြပြီး သွားဖို့ပြင်ဆင်ကြပါတယ်။ နံနက် (၄) နာရီတွင် အိမ်မှ လှည်းများ စထွက်ပါသည်။

အလတ်မတို့အိမ်မှ စာတိုက်ဘေးက ရုံးလမ်းထဲကွေ့ပြီး ဆေးရုံနဲ့ ထ (၁) ကျောင်းကိုဖြတ်ပြီး ကျွဲမကူးလမ်းမှ ဟိုင်းဝေးလမ်းမကြီး (ရန်ကုန်-နေပြည်တော်-မန္တလေး) ကွန်ကရစ်လမ်းကို ဖြတ်ပြီး တောင်ပေါ်ကို တက်ကြ ပါတယ်။ (အလတ်မနောက်ဆုံး တခေါက် သွားတုန်းကတော့ ဟိုင်းဝေးလမ်းမ မရှိသေးပါ)။ ဖြူးမြို့နှင့် တောင်ပေါ် (၄) မိုင်ကျော်ကျော် ဝေးပါသည်။

လမ်းတလျှောက် လှည်းပြိုင်မောင်းရင်း ပျော်ရွှင်ခဲ့တဲ့ ဘ၀လေးကို တမ်းတမိပါတယ်။ ဦးလေးရဲ့နွားများသည် အရမ်းသန်ပြီး “ဟဲ့” တချက် ဟောက်လိုက်တာနဲ့ နွားများမှာ ဒုန်းစိုင်းပြေးကြပါသည်။ တလှည်းနဲ့ တလှည်းနောက်ပြောင်ကြ၊ ဟာသတွေပြောကြ၊ မိတ်ဖွဲ့ကြ၊ သီချင်းအော်ဆိုကြနဲ့ ပျော်စရာ အလွန်ကောင်းလှ ပါသည်။

တချို့လှည်းများမှာ ကတ်ဆက်အကြီးကြီးတွေ နဲ့ သီချင်းအကျယ်ကြီးဖွင့်ပြီး တောင်ပေါ်တက်ကြပါသည်။ တချို့လဲ ကားများနှင့် တက်ကြပါတယ်။ (ထော်လာဂျီ) တချို့လဲ ဆိုင်ကယ်တွေနဲ့ တက်ကြပါသည်။



လှည်းဆောင့်လို့ ဖိနပ်များထွက်ကြပြီး ဖိနပ်မစီးရပေါင်းလဲ အလတ်မအတွက် များလှပါသည်။ ကလေးဘ၀တုန်းကတော့ လှည်းအတွင်းမှာ ထိုင်ရပြီး ဖေဖေတို့ ပြောသမျှ လိုက်ရယ်ရတဲ့ ဘ၀ကိုလဲ တမ်းတမိပါတယ်။ အရွယ်ရောက်လာတော့ လှည်းနောက်မှီးမှာ ခြေဆင်းထိုင်းရင်း သီချင်းဆိုခဲ့ရတာတွေကိုလဲ မှတ်မိနေဆဲပါ။ တောင်ပေါ်စေတီက မီးတ၀င်းဝင်းကို လှမ်းမျှော်ကြည့်ရင်း ရင်ထဲမှာ ဘာကိုလွမ်းမှန်းမသိတဲ့ အလွမ်းတွေက စာဖွဲ့လို့တောင် မှီမယ် မထင်ဘူး။



အခုဆို တောင်ပေါ်ဘုရားပွဲနဲ့ ဝေးတာ (၉) နှစ်နီးပါးရှိပါ ပကောလား။ ဘယ်လောက်ကြာကြာ အမှတ်ရနေဆဲပါ။

ဘုရားပွဲတော်ဟာ ဖြူးမြို့နယ်မှာရှိတဲ့ လူငယ်၊ လူရွယ်၊ လူလတ်များအတွက် ပျော်စရာ အလွန်ကောင်းတဲ့ ပွဲတော် တစ်ခုဖြစ်ပါသည်။ မြို့နယ် ပတ်ဝန်းကျင်မှာရှိတဲ့ ညောင်ပင်သာ၊ ကညွတ်ကွင်း၊ ဇေယျဝတီ၊ ညောင်ခြေတောက်၊ ကျွဲပွဲမှ လူအများလည်း လာကြပါသည်။

အရင်တုန်းကဆိုလျှင် တနည်းအားဖြင့် (မိမဆုံးမ၊ ဖမဆုံးမ) ဆိုးသွမ်း မိုက်မဲတဲ့ လူငယ်တွေ အတွက် ပြောရမယ်ဆိုလျှင် အရက်သောက်ပွဲနဲ့ ရန်ဖြစ်ပွဲလို့ ခေါ်ရမလိုဖြစ်နေပါသည်။ ယခုတော့ သိပ်မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် လူလိမ်မာများ များပြားလာခြင်းကြောင့်ဖြစ်ပါသည်။ :D ဖြူးမြို့ရဲစခန်းမှ ရဲများလဲ တောင်ပေါ် နှင့် ရေတံခွန်ဘက်တွင် တာဝန်ထမ်းဆောင်ကြပါသည်။

အလတ်မ အစ်မ၀မ်းကွဲ (မကြီးယဉ်မြင့်) မိသားစုဆိုလျှင် နှစ်တိုင်း သူ့သား (၄) ယောက်နဲ့အတူ ဘုရားပွဲတော်ကို မိသားစုအလိုက် အေးအေးချမ်းချမ်း၊ စားသောက်ဖွယ်ရာများနှင့် အပန်းဖြေခရီးတစ်ခုအသွင် သွားလေ့ရှိပါတယ်။

တချို့လူငယ်များမှာတော့ ဘုရားလဲ ဖူးရင်း၊ လိပ်ဥလဲ တူးရင်းဆိုသလို အီစီကလီ ရှာတတ်ကြပါတယ်။

အရင်တုန်းကတော့ လူမှန်းသိတတ်စအရွယ်ထဲက မိသားစုနဲ့ အတူ နှစ်တိုင်း ရောက်ခဲ့တယ်။ ရောက်ဖူးလို့လဲ ပိုလွမ်းမိတယ်။ သူငယ်တန်းကနေ (၈) တန်းအထိ အတန်းတင် စာမေးပွဲအပြီး၊ { (၉) တန်းနှင့် (၁၀) တန်းတွင် မခေါ်ပါ။} ပွဲတော်ရက်တိုင်း ဖေဖေ၊ မေမေတို့က ဓါတ်ပုံဆိုင်တွေဖွင့်ကြတယ်။ ရေတံခွန်မှာ မေမေက ရိုက်ပြီး၊ တောင်ခြေနားမှာ ဖေဖေက ခြံဝန်းခပ်ပြီး၊ ဓါတ်ပုံဆိုင် (၂)ခု ခွဲဖွင့်ကြတယ်။ အလတ်မတို့ မောင်နှစ်မတွေက ဘောင်ချာရေးတဲ့ လူပေါ့။

အများအားဖြင့် အလတ်မကတော့ ရေတံခွန်ဘက်မှာ မေမေနဲ့အတူ ဘောင်ချာလိုက်ရေးဖြစ်တယ်။ နံနက် (၅) နာရီ ကျော်ကျော်လောက်မှာ တောင်ခြေကိုရောက်တယ်။ မိုးလင်းတဲ့အထိစောင့်ရင်းနဲ့ လ၀န်းကြီးကို မျှော်ကြည့် ရတဲ့ အရသာက ဘာနဲ့မှ နှိုင်းလို့မရအောင် ကြည်နူးတယ်။

နံနက် (၇) နာရီလောက်မှ ရေတံခွန်ဘက်ကိုသွားပြီး မေမေ ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းရယ်၊ မရမ်းသီးကြော်ရယ်၊ ငါးခြောက်ကြော်ရယ်ကို စားပြီး သန့်ရှင်းလက်ဆက်တဲ့ လေကို ရှုခွင့်ရတဲ့အချိန်က အလတ်မ အတွက် တန်ဖိုးရှိလှတယ်။

ဆင်သေအိုင်လို့ နာမည်ကြီးတဲ့ အိုင်ကိုတော့ အလတ်မ တစ်ခါမှ မရောက်ဖူးပါ။ မေမေတို့က မသွားခိုင်းတာလဲ ပါသလို၊ စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် အချိန်မရပါ။ အလတ်မတို့ မေမေရိုက်တဲ့ ရေတံခွန်လေးဟာ အရမ်းကို ချစ်စရာကောင်းလှတယ်။ သဘာဝကပေးတဲ့ အလှတရားတွေပါပဲ။ အလတ်မကတော့ ခဏနားတဲ့ အချိန်ဆို ကျောက်တုန်းတွေကြားထဲက ငါးလေးတွေနဲ့ ပုဇွန်လေးတွေကို လိုက်ရှာရင်း ပျော်ရွှင်မိတယ်။

ရေတံခွန်လေးရဲ့အပေါ် တောင်ခါးပန်းရံပေါ်မှ လူငယ်၊ လူလတ်တွေ ဒိုင်ပင်ထိုးချတာလေးကို ကြည့်ရတာလဲ ကြည်နူးစရာပျော်ရွှင်စရာ တမျိုးပါပဲ။ အလတ်မ နောက်ဆုံးသွားခဲ့တဲ့နှစ်မှာ ကောင်လေးတစ်ယောက် ရေကူးရင်း မျက်စိရှေ့မှာပဲ ရေနစ်ဆုံးတာ တွေ့ဖူးတယ်။ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ တချို့တတွေ ကတော့လဲ တောင်ပေါ်က ခဏခဏ လူလဲတယ်လို့ပြောတယ်။

ဘာပဲဖြစ်ဖြစ် အလတ်မရဲ့ ဘ၀မှာ အမှတ်ရဆုံးနဲ့ အလွမ်းဆုံးကိုပြပါဆိုရင် တောင်ပေါ်ဘုရားပွဲတော် လို့ပဲ ပြောရမှာပဲ။ နှစ်တွေ ဘယ်လိုပဲပြောင်းပြောင်း၊ အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး၊ လူတိုင်းလူတိုင်း မှာတော့ အမှတ်တရဆိုတာ ရှိနေစမြဲပါ။

အလတ်မတို့ ဖြူးမြို့က တောင်ပေါ်ဘုရားပွဲတော်ကိုလာပြီး ဒေသန္တရလေ့လာပါလို့ ဖိတ်ခေါ်လျှက်ပါ။

တောင်ပေါ် မြသိန်းတန်ဘုရားပွဲတော်ကို လွမ်းလျှက်....
အဝေးတနေရာမှ
အလတ်မ (သို့) ရှင်ထွေးလေး
--------------------------------------------------------------------------------------------
ဓါတ်ပုံ တကူးတက ရိုက်ပေးသော မောင်လေး မင်းမင်းသန့် နှင့် ကူးယူခွင့်ပေးသော မောင်လေး စိုးလင်းထက် တို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်...

No comments:

Post a Comment