Sunday 5 February 2012

ဇာတိချက်ကြွေမွေးရပ်မြေ (သို့) ဖြူးမြို့



အေးမြလတ်ဆက်တဲ့ ဆောင်းရနံ့လေးကို ရာသီတွေထဲမှာ အကြိုက်ဆုံးပဲ။ ချမ်းချမ်းအေးအေးနဲ့ မနက်(၄) နာရီထ စောင်ကြီးခြုံပြီး စာကျက်ခဲ့ရတဲ့ ငယ်ဘ၀လေးကိုလွမ်းတယ်။ စနေ၊ တနင်္ဂနွေကျောင်း ပိတ်ရက်တွေမှာ မောင်နှမတွေနဲ့ သူငယ်ချင်းတွေ စုပြီး မနက်အစောကြီး ဇေယျဝတီဘက်ကို ပြေးတာလေးကိုလဲ လွမ်းမိတယ်။ တံတားဖြူလို့ သရဲခြောက်တာ နာမည်ကြီးတဲ့ နေရာရောက်ရင် အကြီးတွေ ညစ်ပတ်ပြီး အမြန်ပြေးခဲ့တာလေးကိုလဲ လွမ်းတယ်။ (တံတားဖြူလို့ပဲ မှတ်မိနေတယ်။ မောင်လေးတစ်ယောက်က တံတားမဲတဲ့.. မှားနေလို့ ရယ်ရတယ်တဲ့)... :D အလွမ်းတကာ့အလွမ်းဆုံးကတော့ အခုလို တပို့တွဲလပြည့်နေ့မှာ ကျင်းပတဲ့ မြသိန်းတန် တောင်ပေါ် ဘုရားပွဲလေးပဲ ဖြစ်တယ်။ ဘုရားပွဲမတိုင်ခင် ဇေယျဝတီလွတ်လပ်ရေးပွဲကနေ ကူးလာကြတဲ့ ဆိုင်ခန်းတွေနဲ့အတူ တောင်ပေါ်ဘုရားပွဲဈေးတန်းလေးက ဖြူးမြို့နယ်မှာ နာမည်ကြီးတဲ့ ပွဲဈေးလဲ ဖြစ်ပြန်တယ်။ ရဟတ်ယာဉ်တွေ၊ စတိတ်ရှိုးတွေ၊ ဇာတ်ပွဲတွေ (ငယ်ငယ်တုန်းက) လာကကြတယ်။ အခုတော့ အဲဒီလို ရှိတော့ဘူးလို့ ကြားမိတယ်။ မုန့်ပြားအုံ၊ မုန့်လဂွေ၊ မုန့်သိုင်းခြုံ၊ မုန့်ကောင်ကွေးကြော်၊ အီကွေ့ကြော်၊ ၀ါးကျဉ်တောက်၊ အုန်းသီးမုန့်၊ ရေမုန့်တွေကို လွမ်းတယ်။ (မယ်တင်သီချင်းထဲကလို.. ၀က်မကြီးလဲ လွမ်းတယ်... :P)

ငယ်ငယ်တုန်းကဆို ဘုရားပွဲဈေးတန်းကို တနေ့ကို အနည်းဆုံး (၂) ခေါက်လောက် လည်လိုက်ရမှ ကျေနပ်တယ်။ သူငယ်ချင်းတွေနဲ့ ကျူရှင်အပြန် ညဈေးတန်းကို မ၀င်မဖြစ်ဝင်ကြတယ်။ အရင်ပွဲဈေးတွေ မလာခင်တုန်းကဆို နွေရာသီကျောင်းပိတ်ရက်တွေမှာ ဖြူးမြို့ရဲ့ တောင်ဘက်က တာခြား၊ မိုက်ခရို့ဝေ့ဘက် စက်ဘီးလျှောက်စီးကြတယ်။ မြို့အ၀င်က “ဖြူးမြို့.. ကြိုဆိုပါ၏” နားမှာ နားကြပြီး လေညှင်းခံရင်း ပျော်ရွှင်ကြတယ်။ (အဲ့ဒီ့အချိန်တုန်းက ဘ၀ဆိုတာလဲ ဘာမှန်းကို သိဘူး။ အဖေက ပိုက်ဆံ ဘယ်ကရလဲ မေးရင် “ဗီရိုထဲက ရတယ်” လို့ ဖြေနေကြ။) အိမ်ရှေ့ကိုရောက်ရင် အဖေမမြင်အောင် စက်ဘီးအတင်း ပြေးနင်းပြီး မြောက်ဘက်ကို ဆက်သွားကြပြန်တယ်။ အလတ်မတို့အိမ်နားမှာဆို ဆောက်လုပ်ရေးရုံးဝန်း၊ စာတိုက်နဲ့ အဝေးပြေး ကားဂိတ်တို့ရှိတယ်။ အဲ့ဒီက ဆက်သွားရင် ရဲစခန်း၊ ရုပ်ရှင်ရုံ (ဖြူးမြို့ရဲ့ တစ်ခုထဲသော ရဲသီရိရုပ်ရှင်ရုံ)၊ ဖြူးမြို့ဈေး၊ ဘူတာရုံ၊ ပန်းခြံ၊ ဂုံးကျော် (တောင်)၊ မင်းကျောင်း (ဘုန်းကြီးကျောင်း)ကို ဖြတ်သွားရင် ဖြူးမြို့ရဲ့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီးကို ရောက်တယ်။ ဖြူးချောင်းတံတားပေါ်မှာ ခဏနားကြရင်း ရေတွေကို ကြည့်လိုက်၊ လာသမျှလူတွေကို ငမ်းလိုက်၊ အနောက်ပဲခူးရိုးမ တောင်တန်းကြီးကို ငေးလိုက်နဲ့ သဘာဝရဲ့ အလှတွေကို ခံစားကြတယ်။ မိုးရာသီဆို ရေမိုင်တိုင် ဘယ်လောက်တက်လဲဆိုတာ ညနေတိုင်း ရွှေဖြူ (မေဖြူစိုး) နဲ့ အမြဲသွားကြည့်ဖြစ်တယ်။ (မိုးလေ၀ကလူတောင် နေ့တိုင်းကြည့်ဖြစ်ချင်မှ ကြည့်မယ်။ အလတ်မတို့က တစ်ရက်မပျက် သွားကြတယ်) သိပ်ပြီး ဗရုတ်မကျပါဘူး။ သူငယ်တန်းထဲက အတူတူတွဲလာကြတဲ့ ငယ်သူငယ်ချင်းတွေကိုလဲ လွမ်းတယ်။ (ကိုနောင်၊ ကိုသီဟ၊ ဇာနည်၊ ကိုယျာ၊ မအိ၊ ရွှေဖြူ၊ ဆွေကြီး၊ ရွှေခိုင်၊ နန္ဒာ၊ ရွှေစန်း)

ဇေယျဝတီကအပြန် ဖြူးချောင်းရဲ့မြောက်ဘက်က ခုံတဲ (၀ဲဒေါင့်)က အကြော်ဆိုင်လေးမှာ အကြော်စုံ၊ ဆလပ်ရွက်အတို့နဲ့ အချဉ်ရေ၊ ကောက်ညှင်းပေါင်းတို့ကို လုစားရတာ ပျော်စရာကောင်းသလို အခုဆို တစ်ယောက်ထဲ အထီးကျန်စွာနေနေရတဲ့ အလတ်မအတွက် ပိုပြီး လွမ်းစရာ ကောင်းလှပါတယ်။ :(

ဒူးရင်းသီးကိုလဲ လွမ်းတယ်။ (ဖြူးဒူးရင်းသီး နာမည်ကြီး) (ဂျာနယ်ထဲအထိတောင်ပါတာ) :P မိုးရာသီလောက်မှာ ဒူးရင်းသီးအရမ်းပေါတယ်။ (အမှန်တော့ မုန်း၊ ကျောက်ကြီးဘက်ကလာတဲ့ ဒူးရင်းသီး ပါ)။ ဖြူးမှာ ရောင်းတော့ ဖြူးဒူးရင်းပေါ့။ :D ဆရာမဒေါ်အေးမြင့် ကျူရှင်ကအပြန် ရွှေဖြူနဲ့ သူငယ်ချင်း (၂) ယောက် ဒူးရင်းသီးသယ်နားမှာ ချက်ချင်းခွဲခိုင်းပြီး ထိုင်စားခဲ့တာလေးတွေကိုလဲ သတိရနေတယ်။ (အိမ်ကိုဝယ်ပြီးပြန်ရင် ကျန်တဲ့လူတွေကို ကျွေးရမှာကြောက်လို့ လမ်းဘေးမှာ ထိုင်စားခြင်းဖြစ်သည်။ သိပ်စိတ်မပုပ်ပါ။ ဟိဟိ)

ဖြူးမြို့ရဲ့ အ.ထ.က(၁) ကျောင်းတော်ကြီးရယ် (မြို့မကျောင်း) (အမျိုးသားဆောင်)၊ ကျောင်းရှေ့က ဆေးရုံဝန်းနဲ့ ကပ်လျှက် သ.န.က (၆) စစ်တပ်ကို သတိရတယ်။ ငယ်ငယ်တုန်းက သူငယ်တန်းကနေ (၄) တန်းအထိ တပ်တွင်းကျောင်းမှာ နေခဲ့ရတယ်။ ပင်စင်လမ်းက မဟာစည်သာသနာ့ရိပ်သာကိုလဲ သတိရတယ်။ ဆယ်တန်းစာမေးပွဲဖြေပြီးပြီးခြင်း ဆရာမ ဒေါ်အေးမြင့်ရဲ့ အမိန့်အရ သူ့ဝိုင်းရဲ့ ကျောင်းသူ/ကျောင်းသားတွေကို မထိုင်မနေရ နေ့ခင်း တရားထိုင် (အချိန်ပိုင်း) ခိုင်းတာကိုလဲ ဆရာမကို ကျေးဇူးတင်မိတယ်။ (အခုမှ ကျေးဇူးတင်တာပါ။ အဲ့ဒီ့အချိန်တုန်းကဆို တရားမှတ်ရင်း နာရီသံပဲ နားစွင့်နေတာ... ခစ်ခစ်..)

တစ်ခါတစ်ခါ အပျင်းပြေ ဖြူးမြို့ရဲ့ အရှေ့မြောက်ဘက်ကိုလဲ စက်ဘီးစီးထွက်ကြတယ်။ တောင်ဂုံးကျော်ကနေ အုတ်ဖြတ်လမ်းအတိုင်း နင်းပြီး ဖြူး အ.ထ.က (၂)ကျောင်းကိုဖြတ်၊ စိုက်ပျိုးရေးရုံးကိုကျော်ပြီး ဖြူးမြို့ ဘိုးဘွားရိပ်သာထိ စက်ဘီးစီးကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ တမ်းတမိတယ် ဖြူးမြို့ရယ်။ :P ဖြူးမြို့မှာ မွေးပြီး တခြားဒေသတွေမှာ ကြီးပြင်းကြတဲ့ ဖြူးသူ/ဖြူးသားတွေကိုလေ မွေးနေ့ပွဲ၊ မင်္ဂလာဦးဆွမ်းကျွေးနဲ့ တခြားအလှူတွေကို ဘိုးဘွား ရိပ်သာမှာ လုပ်စေချင်တယ်။ ဘိုးတွေ ဖွားတွေကို သနားလို့...

ည (၈) နာရီကျော်မှာ ဆရာမ ဒေါ်ခင်ရီတိုးရဲ့ ကျူရှင်ကအဆင်း ထန်းကုန်လမ်းကိုဖြတ်ပြီး ဖြူးမြို့ ဘောလုံးကွင်း နားက ကတိုး (ယမင်း)ရဲ့ အိမ်ကို ဘိုဘို၊ ချစ်ဖွယ်၊ နွယ်နီတို့နဲ့အတူ လိုက်ပို့တာကိုလဲ မှတ်မိသေးတယ်။

ပြီးတော့ ရွှေကျင်တောင်ပရိတ္တိဘုန်းကြီးကျောင်းကြီးရယ် (ယခုဆို ရွှေကျင်တောင် မေတ္တာ စေတနာ ပညာဒါန နေ့ကျောင်းကိုလဲ ဆယ်တန်းနှစ်ကျသမားများအတွက် အခမဲ့ ဖွင့်လစ်ပေးထားပါတယ်။)၊ ဖြူးမြို့ရဲ့ ကျက်သရေဆောင် ရွှေကျင်တောင်ဘုရားကြီးမှာလဲ နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ညောင်ရေသွန်းပွဲတော်မှာ အဖွားနဲ့အတူ ညောင်ရေသွန်းခဲ့တာလေးကိုလဲ လွမ်းတယ်။ ( အလတ်မတို့ အဖွားများ စေ့စပ်သေချာလိုက်ပုံက နံ့သာရေကို အိမ်က ယူသွားပါသည်။ နံ့သာရည်ထဲတွင် နံ့သာဖြူ၊ ကရမ္မက်၊ သနပ်ခါးတွေကို လက်ညောင်းအောင် သွေးခိုင်းပါသည်။ ပြီးလျှင် ရေမွှေးအနည်းငယ်ထည့်ပြီး ညောင်ရေအိုးထဲ ထည့်ပြီး ခြင်းတောင်းနဲ့ ဆွဲပြီး ဘုရားအရောက် သယ်ခဲ့ရပါသည်။ ) ဟိဟိ အခုတော့ တို့သယ်ရတော့ဝူး... တခြားမြေးတွေ သယ်တဲ့ ကလှဲ့...

သူငယ်ချင်း မိတ်ဆွေတွေက ဘယ်ဇာတိလဲ မေးရင်... ဖြူးမြို့လို့ ဖြေပေမဲ့... သူတို့က ဖြူးမြို့ကို မသိတာများ ကြတယ်။ သူတို့ပဲ Observation ညံ့တာလား? General Knowledge မရှိတာလား? ကိုယ့်မြို့ကပဲ သေးနေတာ? မသိတော့ပါဘူး။ ရထားတို့၊ ကားတို့နဲ့ဖြတ်ရင် ညကြီးမှောင်မှောင်မှ ဖြတ်တာလဲ တပိုင်းပါမပေါ့လေ။ အခုတော့ ဖြူးဘယ်နားလဲမေးရင် အင်တာနက်ပေါ်နဲ့ ကမ္ဘာတစ်ဝှမ်းက ရွှေတွေကြား နာမည်ကြီးတဲ့ သရဲကား “မိုင်တိုင် ၇၆” ဆို လူတိုင်းသိကြတယ်။ ဖြစ်ရလေ ဖြူးရယ်။ အဲဒီ့ကားကြောင့် ဖြစ်နေသလို တခြားအကြောင်းလဲ ရှိပါသေးတယ်။ အဲ့ဒါကတော့ ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ်လမ်းပေါ်မှာ ရန်ကုန်နဲ့ နေပြည်တော်အကြားမှာရှိတဲ့ တစ်ခုထဲသော (၁၁၅ မိုင်) ဖြူး ယာဉ်ရပ်နားစခန်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့လမ်းပေါ်လာတာ ကျေးဇူးတင်စရာကောင်းသလို ၀မ်းနည်းစရာလဲ ကောင်းလှပါတယ်။ အရင်က ဖြူးနဲ့ရန်ကုန်ကို (၆) နာရီကျော်ကျော် စီးရပေမဲ့ အခုဆို (၂) နာရီခွဲနဲ့ သွားလို့ရနေပါပြီ။ မကြားချင်မှအဆုံး ကြားနေရတာကတော့ Accident သတင်းပါပဲ။ အရင်တုန်းက ရွှေမြန်မာပြည်မှကားများမှာ အများအားဖြင့် Second Hand များ ဖြစ်တာက တကြောင်း၊ ရွှေမြန်မာတို့ ဓလေ့ ကားဘီးလဲရမှာ နှမြောတာက တကြောင်း၊ လမ်းကောင်းတယ်ဆိုပြီး စွတ်မောင်းကြတာက တကြောင်း၊ ကားလမ်းဆောက်လုပ်စဉ်က အင်ဂျင်နီယာများရဲ့ အရည်အသွေးညံ့ဖျင်းတာက တကြောင်း၊ အကြောင်းအမျိုးမျိုးတွေကြောင့် မကြားချင်တဲ့ သတင်းဆိုးတွေကို ကြားနေရခြင်းမှာလဲ ကံကြမ္မာကိုပဲ အပြစ်တင်ရမလိုလို ဖြစ်နေပါသည်။

ဖြူးမြို့အကြောင်းကို ကဗျာရေးမယ်ဆို ကဗျာမမှီ စာမပီ ဖြစ်နေမှာသေချာတယ်။ ပန်းချီဆွဲမယ်ဆိုရင်တောင် ဘယ်ပန်းချီရေးလို့ မမှီ ဖြစ်နိုင်တယ်။ ကိုယ့်မြို့မို့ ကိုယ်ပြောတာမဟုတ်ပါဘူး။ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းကြီးတွေရယ်၊ လိုက်လှဲပျူငှာတဲ့ မြို့သူ/မြို့သားတွေရယ်၊ ဖြူးဆရာတော်လို နာမည်ကြီး ဘုန်းကြီးရယ်၊ ကဗျာဆရာ၊ စာရေးစရာတွေရယ်၊ ဘာသာတရားလဲ ကိုင်းရှိုင်းတတ်တဲ့ လူတွေရယ်၊ တာဝန်သိတတ်တဲ့ လူငယ်တွေနဲ့ ကြိုးစားတဲ့ လူငယ်တွေ အများကြီး မွေးထုတ်ပေးတယ်။ ဘယ်လောက်များ ပေါသလဲဆို နှစ်တိုင်းနှစ်တိုင်း စစ်ဆေး၊ စစ်အင်ဂျင်နီယာ၊ စစ်ဗိုလ်လောင်းတွေ အနည်းဆုံး (၅) ယောက်မှ (၁၀) ယောက်အထိ အမြဲ အရွေးခံရတယ်။ စစ်ဗိုလ်ထွက်တဲ့ မြို့လို့ ခေါ်ရမလိုတောင် ဖြစ်နေတယ်။ ရိုးရိုး ဆေးကျောင်းနဲ့ G.T.C၊ တက္ကသိုလ်တက်တဲ့ လူငယ်တွေ ဆိုတာ ရေတွက်လို့တောင် မရဘူး။ ပညာရေးဘက်မှာတော့ ဖြူးမြို့နယ်တ၀ိုက်မှာ နာမည်ကြီး ပါပေတယ်။ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးလေးတွေကိုလဲ ဖြူးမြို့ရဲ့ ဂုဏ်ကို ဆက်ပြီး ထိန်းသိမ်း စေလိုပါတယ်။

ဖြူးမြို့မှ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးတွေကိုလဲ ဒီ့ထက်ပိုပြီး ဆက်ကြိုးစားစေချင် ပါတယ်။ အောင်မြင်မှုပန်းတိုင်ဆိုတာ အလကားနေရင်း ကိုယ့်လက်ထဲ ရောက်လာတာ မဟုတ် သလို၊ အောင်မြင်မှု ပန်းတိုင်ကို လိုချင်တဲ့လူတိုင်းက သူ့ဆီကို အရောက်သွားရမယ်ဆိုတာကိုလဲ သတိရ စေချင်ပါတယ်။

ဖြူးမြို့သူ၊ မြို့သားများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြီးပြည့်စုံပြီး ဆန္ဒနဲ့ ဘ၀ တထပ်ထဲ ကြပါစေလို့ ဆုမွန်ချွေလျှက်...
အလတ်မ (သို့) ရှင်ထွေးလေး

..................................................................................................................................................................
မှတ်ချက်။ ။ ဤဘလော့အတွက် ကူညီပေးတဲ့ ချစ်လှစွာသော ရှင်ထွေး မေမေနှင့် ဖြူးမြို့ New Generation (Internet Shop) မှ မောင်လေး တီတီးကို အထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment