Monday 9 January 2012

အတိုး

အတိုး... အတိုးဆိုတာ အလတ်မအရွယ်ရောက်ကထဲက မကင်းနိုင်တာက ဒီအတိုးပါပဲ။ (၁၀) တန်းအောင်လို့ ရန်ကုန်မှာ ကွန်ပျူတာသင်တန်းသွားတက်မယ်ဆိုတော့ မေမေက လက်ဝတ်လက်စားအပြည့်အစုံ ဆင်ပေးပြီး မှာတဲ့ စကားတစ်ခွန်းရှိတယ်။ မေမေက သူ့သမီးအလတ်မလေးကို မကောင်းတဲ့ မိန်းမဖြစ်သွားမှာကို အရမ်းစိုးရိမ်ပြီး ဒီလိုမှာလိုက်တယ်။ ``သမီး အခု မေမေ ဆင်ပေးလိုက်တဲ့ ပစ္စည်းတွေက သမီးမှာ ပိုက်ဆံမရှိတဲ့အချိန် စိတ်အားမငယ်ရအောင်၊ သူငယ်ချင်းတွေနဲ့ယှဉ်ရင် ငါ့သမီးလေး အနှိမ်မခံရအောင် ဆင်ပေးလိုက်တာ။ ပိုက်ဆံမရှိဘူးဆိုပြီးတော့ မကောင်းတဲ့လမ်းကြောင်းကိုတော့ မလိုက်မိပါစေနဲ့ သမီးရယ်။ မေမေက သမီးနောက်ကို တကောက်ကောက်လိုက်နိုင်တာမဟုတ်ဘူး။ အဲ့ဒီ့တော့ သမီး မဖြစ်မနေ ပိုက်ဆံလိုတဲ့အချိန်မှာ ဘယ်အမျိုးဆီကမှ လက်ဝါးဖြန့်ပြီး အောက်ကျနောက်ကျမခံရအောင် သမီးဝတ်နေတဲ့ အထဲက တခုခုကို အပေါင်ဆိုင်မှာ သွားပေါင်ပြီး သုံးပါ။ မေမေ ရန်ကုန်လာတော့ ပြန်ရွေးပေးမယ်´´ ဆိုပြီး မှာတမ်းရှည်ကြီးနဲ့ ရန်ကုန်ကို လိုက်ပို့ပါတော့တယ်။

အဲ့ဒီ့အချိန်ကစပြီး အလတ်မနဲ့ အပေါင်ဆိုင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်ထက်တောင် ရင်းနှီးသေးတယ်။ ဘယ်လောက် ရင်းနှီးသလဲဆို အပေါင်ဆိုင်ကလင်မယားတောင် ချွေးမခေါ်ယူရတယ်။ ဟိဟိ...

မြန်မာနိုင်ငံမှာတော့ လူတိုင်းအတိုးနဲ့ ကင်း/မကင်း မသိဘူး။ အနောက်နိုင်ငံကြီးတွေမှာတော့ သူဌေးကြီးတွေ၊ ဘဏ်သူဌေးကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေတောင် အတိုးနဲ့မကင်းကြဘူး။ အတိုးပေးကြ ယူနေကြတာတွေ့ရ ကြားရတယ်။ အစိုးရတွေအထိတောင် ဘီလံနဲ့ချီပြီး ချေးကြတယ်။ ဘယ်နိုင်ငံကို ဘယ်လောက် ထုတ်ချေး လိုက်တယ်ဆိုတာ သတင်းမှာတွေ့တွေ့နေရတယ်။

အလတ်မ အနေနဲ့တော့ အတိုးယူတာ ရှက်စရာမဟုတ်ဘူးလို့ ထင်တာပဲ။ မေမေအမြဲဆုံးမတဲ့ စကားတစ်ခွန်း ရှိတယ်။ ``သူများ ပစ္စည်း မခိုးနဲ့၊ သူများလင် မခိုးနဲ့´´ တဲ့။ သူများပစ္စည်းခိုးတာ၊ သူများလင်ခိုးတာက ရှက်စရာတဲ့။

အတိုးနာမည်ပေါင်း မြောက်များစွာရှိတာကို စပ်စုထားသမျှ ပြောပြရရင်... နေ့ပြန်တိုး၊ ရွှေတိုး၊ အိမ်ခြံမြေ တိုက်ခန်း (အပေါင်ခံ)အတိုး၊ အလွတ်တိုး၊ တချို့အပေါင်ဆိုင်တွေဆို အတိုးပေးစားတာ လန်ထွက်နေတာပဲ။ (ပုဆိုး၊ ထမီ၊ မီးပူ၊ ပန်ကာ၊ တီဗီ၊ ဒီဗီဒီ၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်) အကုန်လုံးကို အပေါင်ခံပြီး အတိုးပေးစား ကြတာပဲ။

အလတ်မ ဒီကို လာမယ်ဆိုထဲက အတိုးဇာတ်လမ်းက အရှိန်မြင့်တက်လာခဲ့တယ်။ အေးဂျင့်ခကို အိမ်ဂရံပေါင်ပြီး (၇) ကျပ်တိုးနဲ့လာခဲ့တယ်။ ဒီရောက်တော့ (၅) လလောက် အဆင်မပြေတော့ အတိုးတက်ပေါ့။ မတင်တင်အောင် ဆိုတဲ့ အစ်မကြီးက အတိုးမယူပဲ ဒေါ်လာ (၈၀၀) အလကားထုတ်ချေးတဲ့အတွက် နဲနဲအသက်ရှု ချောင်ခဲ့ရလို့ ဘယ်တော့မှ မမေ့တဲ့စာရင်းထဲမှာ(အထူးသဖြင့် ပိုက်ဆံကိစ္စနဲ့ ပတ်သက်လာရင်) ထိပ်ဆုံးက ကျေးဇူးတင်ထိုက် သူပါ။

အလတ်မတို့ အရင်က အတိုးယူသူပေါ့။ ဒီမှာ အလုပ်လေးအဆင်ပြေလာတော့ အတိုးပေးသူဖြစ်လာတယ်။ ပထမဆုံးအတိုးပေးစားတဲ့ သင်ခန်းစာကတော့ လှမှလှပဲ။ သူငယ်ချင်းအရင်းခေါက်ခေါက်ကို တိုက်ခန်း ၀ယ်ရအောင်(၄)ကျပ်တိုးနဲ့ ချေးတော်မူလိုက်တယ်။ (၇)လပဲ အတိုးပေးပြီး။ အရင်းကို (၃)နှစ်လောက် တောင်းယူ ရတယ်။ အဲ့ဒီ့နောက် အလတ်မက ချေးမဲ့လူတွေကို စာချုပ်ချုပ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ (တစ်ခါသေဖူး ပျဉ်ဖိုးနားလည်) မို့ပါ။

အလတ်မက ဘယ်သူ့ကိုမှ ငါ့မှာငွေပိုနေတယ်။ ချေးပါ ချေးပါလို့ လိုက်မပြောဘူး။ သူတို့အကူအညီလိုလို့ ပိုက်ဆံချေးပါ ပြောတယ်။ ကိုယ်ကလဲ အတိုးလိုချင်လို့ ချေးတယ်။ နှစ်ဦးနှစ်ဖက်ပြေလည်ရင် ပြီးတဲ့ကိစ္စပဲလေ။ တချို့ကြတော့ ကိုယ့်မကောင်းကြောင်း ပြောပြီး တခြားတစ်ယောက်ဆီက ပိုက်ဆံချေးတတ်တာကလဲ ရှိသေးတယ်။

အလတ်မလဲ လာတုန်းကတောင် (၇) ကျပ်ပေးပြီး လာခဲ့ရသေးတာပဲ။ သူတို့အနေနဲ့ ဒီမှာ (၅) ကျပ် အလွတ်တိုးကို ပေးရတာ များတယ်ထင်နေကြတယ်။ သူတို့က နာတယ်တောင် ပြောတဲ့လူကရှိသေး။ အလတ်မက သူများတွေလို ယူရို (၇၀၀) (၈၀၀) ဘယ်လောက် ချေးချေး အလုံးအရင်းနဲ့ ပြန်ဆပ်ရမယ်ဆိုပြီး ဘယ်တော့မှ မပြောဘူး။ အဆင်ပြေသလိုဆပ်လို့ပြောတာများတယ်။ (၁၀၀) ပေးပေး၊ (၂၀၀) ပေးပေးလက်ခံတယ်။ ကိုယ်ချင်းစာတယ်။ ရတဲ့လစာနဲ့ အတိုးပေးရတာနဲ့ အိမ်ပို့ရတာနဲ့ဆိုတော့ ဒီချေးထားတဲ့အတိုင်း ပြန်ဆပ်ဖို့သာ စုနေရရင် အတိုးတက်ပြီး ဘယ်အဆင်ပြေပေါ့မလဲ။

အလတ်မတိုက်ခန်းဝယ်ဖို့ ငွေလိုတော့ ဒီက အစ်ကိုနဲ့အစ်မဆီက ပိုက်ဆံဆွဲရတယ်။ သူတို့ကို အတိုးပေးတယ်။ စာချုပ်လဲ ကိုယ့်ဖာသာရိုက်ပြီး လက်မှတ်ထိုးပေးတယ်။ Passport, Visa မိတ္တူတွေပါ ထည့်ပေးလိုက်တယ်။ သူတို့က မယူဘူးပြောတယ်။ ဒါပေမဲ့ အလတ်မကို ချေးလိုက်ရလို့ အိပ်မပျော် စားမ၀င် မဖြစ်စေချင်တာတော့ အမှန်ပါ။ အလတ်မက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ချေးတဲ့အတွက် ကျေးဇူးတောင်တင်နေတာ။

အတိုးဇာတ်လမ်းတွေကတော့ အမျိုးမျိုးရယ်။ အလတ်မရဲ့ တက္ကသိုလ်က သူငယ်ချင်းတစ်ယောက်ဆို အခု စင်ကာပူမှာ အလုပ်လုပ်နေတယ်။ သူကျတော့ အိမ်ခြံမြေကို အပေါင်ခံတဲ့အလုပ်ပါ မြန်မာပြည်မှာ လုပ်လိုက်သေးတယ်။ အမယ်.. အိမ်ခြံအပေါင်ခံတာကမှ ဟုတ်သေးတယ်။ တစ်ခါထဲ ၀ယ်/ရောင်း စာချုပ် ချုပ်ရတာဗျ။ မရွေးနိုင်အဆုံးနော်။ အတိုးထဲမှာ အခိုင်ဆုံးက အဲ့ဒီ့အတိုးပဲ။ ဟုတ်နေတာပဲ။

အလတ်မ အဒေါ်တစ်ယောက်က ပန်းဘဲတန်းမှာနေတယ်။ အလတ်မ (၁၆)နှစ် သမီးလောက်ထဲက သူနေ့ပြန်တိုး ပေးစားတယ်။ (၂၀) တိုးနဲ့။ ဒါပေမဲ့ သူ့ကို လူတိုင်းက ချစ်ကြတယ်။ မေမေလေး.. မေမေလေးနဲ့။ အလတ်မတို့ ကျောင်းကပြန်လာတဲ့အချိန် ညနေဘက်ဆို စာအုပ်သေးသေးလေး တစ်အုပ်နဲ့ နေ့ပြန်တိုး လိုက်ကောက်ရတယ်။ ကုန်တိုက်အောက်၊ ကုန်ဈေးတန်းထိပ်၊ (၂၆)လမ်းဈေးစုံနေအောင် လိုက်တောင်း ရတယ်။ ပျော်ဖို့တောင် ကောင်းသေးတယ်။ နေ့ပြန်တိုးယူတဲ့လူတွေက ဒီလောက် (၂၀)တိုးပေးရတာကို ဘာလို့ကျေးဇူးတွေတင်နေလဲဆိုတာကို အရင်က နားမလည်ခဲ့ဘူး။ အခုအဒေါ်ကို ပြန်မေးကြည့်မှ သူတို့က အရင်းအနှီးတပြားမှ မရှိဘူးတဲ့။ အဲဒါ ငါက ဈေးဗန်းရင်းဖို့ ၁ သိန်း၊ ၃ သိန်း၊ သူတို့လိုသလောက်ကို ရင်းပေးလိုက်တော့ သူတို့လဲ စီးပွားဖြစ်တယ်။ တနေ့ကို ၂၀၀၀၊ ၃၀၀၀ ပြန်သွင်းရတော့ မိသားစုလဲ ထမင်းလဲမငတ်ဘူး။ အချိန်တန်လာရင် ဒီဈေးဗန်းက ကိုယ်ပိုင်ဖြစ်သွားတယ်တဲ့။ အဲဒါကြောင့်မို့ ငါ့ကိုကျေးဇူးတင်တာတဲ့။ အော် ဖြစ်မှဖြစ်ရလေ လောကကြီးရယ်လို့တောင် အော်လိုက်ချင်တယ်။

မြန်မာပြည်မှာ သူငယ်ချင်းတစ်ယောက်ပိုက်ဆံလိုလို့ ချေးတာ ရပ်ကွက်လူကြီးရှေ့မှာ စာချုပ်ချုပ် ရတယ်တဲ့။ (၆) ကျပ်တိုးတဲ့။

အလတ်မ ပိုက်ဆံအများကြီးရှိလို့ကတော့ အပေါင်ဆိုင်ဖွင့်စားတယ်။ ခစ်ခစ်...

အလတ်မကတော့ အတိုးပေးတာကို ဒီလိုပဲ ယူဆတယ်။ ကိုယ်လဲ အဆင်ပြေ သူလဲ အဆင်ပြေပေါ့။ ဒယ်အိုးဆရာတော် ဟောတဲ့တရားထဲကလို မဖြစ်အောင်တော့ ကြိုးစားပြီး ချေးပါတယ်။

အတိုးဒဏ်မှ ကင်းဝေးကြပါစေ.....

2 comments:

  1. Hi, I have been visiting your blog. I invite you to visit my blog about literature, philosophy and films:
    http://vniversitas.over-blog.es
    http://carpe-diem-agc.blogspot.com/
    http://alvaro-alvarogomezcastro.blogspot.com/

    Greetings from Santa Marta, Colombia

    ReplyDelete
  2. အရေးအသားကောင်းမွန်ပြီး..ထိထိမိမိခံစားမိပါတယ်..
    ဘ၀ အတွေ့အကြုံတွေပေါ်..မူတည်ပြီး ရေးထားတော့..
    ပညာလဲရ..အတုယူစရလဲ.ရပါတယ်.ဆက်ကြိုးစားပါ

    ReplyDelete