Sunday 11 December 2011

တစ်ခါဆက်ဆံ ဆယ်ခါလန်

အရင်တုန်းက အလတ်မမှာ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ငါက `တစ်ခါဆက်ဆံ ဆယ်ခါလန်´ အစားထဲ မပါဘူးဆိုပြီး။ အလတ်မနဲ့က မြို့မတူတော့ တခါတခါမှ တွေ့ဖြစ်ကြတယ်။ ဖုန်းတော့ပြောဖြစ်တယ်။ ကိုယ်လိုတာ သူပေး၊ သူလိုတာ ကိုယ်ပေးနဲ့။ သူ့ဆီသွားလိုက် ကိုယ့်ဆီလာလိုက်နဲ့ အဆင်ကိုပြေလို့။

သူက အစ်မတစ်ယောက်လို ကောင်းရှာပါတယ်။ အလတ်မက ညာတာကို မုန်းတဲ့လူဆိုတော့ ကိုယ့်ကိုညာရင်လဲ မကြိုက်ဘူး။ ကိုယ့်ကို ညာနေတာ သိသိကြီးနဲ့လဲ သူတို့အရှက်ကွဲမှာစိုးလို့ မသိချင်ယောင် ဆောင်ပေးတတ်သေးတယ်။ (သူကတော့ ညာတဲ့အထဲ မပါပါဘူး။ ) ဒါပေမဲ့ ကိုယ့်က အမှတ်သည်းခြေကြီးသူပီပီ မှတ်သားထားတတ်တယ်။ အလတ်မကို ညာတဲ့လူဆို အလတ်မက ဟက်ဟက်ပက်ပက် မဆက်ဆံတော့ဘူး။ မေးထူး ခေါ်ပြောအဆင့်လောက်သာ ဆက်ဆံတော့တယ်။ (စိတ်ထဲမှာလဲ အဲ့ဒီ့လူကို (၁)ခါပဲရမယ်၊ (၂) ခါမရဘူးလို့ ပြောနေတတ်တယ်)။

အဲဒီလိုနဲ့ အဲ့ဒီ့အစ်မလဲ တခြားတနိုင်ငံကို သွားချင်တယ်ဆိုပြီး ဒီကျွန်းပိစိကနေ ထွက်ဖို့ ပြင်ဆင်နေတယ်။ တနေ့ သူ့နားရက် အိမ်ကို လာလည်ပြီး ရောက်တတ်ရာရာပြောရင်းက သူတိုက်ခန်းဝယ်ချင်တယ်ဆိုပြီး ရင်ဖွင့်တယ်။ ရှာထားတဲ့ ပိုက်ဆံက မလောက်ဘူးပေါ့။ ကိုယ်ကလဲ ၀ယ်ဖို့ အမြဲစိတ်ကူးယဉ်နေသူပီပီ သူ့ခံစားချက်ကို စာနာမိတယ်။ `ငါမ၀ယ်နိုင်သေးပေမဲ့ သူဝယ်ဖြစ်သွားတယ်ဆိုရင် ငါကျေနပ်တယ်´ဆိုပြီး ရှိစု မှတ်စု ပိုက်ဆံလေးကို ချေးမယ် ပြောလိုက်တယ်။

အဲ့ဒီ့အချိန်မှာ အမေကလဲ ဆိုင်ခန်းဝယ်ဖို့ ပိုက်ဆံပို့ဖို့ ပြောလာတဲ့ အချိန်ဆိုတော့ ချေးမယ်ပြောပြီးပြီ ဖြစ်လို့ အဲ့ဒီ့အစ်မနဲ့ ပြန်တိုင်ပင်ရတာပေါ့။ သူကပြောတယ်။ နင့်ဆီက အလကားတော့ မချေးချင်ဘူး အတိုးယူပါပြောတယ်။ အမေကလဲ ဗလာဗလာလုပ်နေတာ့ အစ်မ ပေးချင်သလောက် ပေးဆိုပြီး ပြောလိုက်တော့ သူက (၄) ကျပ် တိုးပေးမယ်ပြောတယ်။ အဲဒါနဲ့ အလတ်မလဲ ကြိုက်သလိုလုပ်၊ အမေ့ကိုပဲ အတိုးပေးဆိုပြီး လုံးခနဲ ပေးလိုက်တယ်။ ချေးတယ်ဆိုတာကလဲ ဘာရွက်စာတမ်းမှ မရှိဘူး။ ယုံကြည်မှု တစ်ခုထဲနဲ့ ချေးလိုက်တာ၊ သူတိုက်ခန်းဝယ်ဖြစ်အောင် ဆိုတဲ့ စိတ်နဲ့ပဲ ရက်ရက်ရောရောကို ပေးလိုက်တာ။

အလတ်မ ဒီကိုလာတုန်းက အေးဂျင့်ခ ပိုက်ဆံမလောက်လို့ အိမ်ဂရံပေါင်ခဲ့ရတယ်။ (၇) ကျပ်တိုးနဲ့။ သူဝယ်ဖြစ်ဖို့ အဓိက ဆိုတဲ့စိတ်နဲ့ (၄) ကျပ်တိုးပေးတာကိုတောင် ကျေးဇူးတင်လို့ မဆုံးခဲ့ဘူး။

အဲ့ဒီလိုနဲ့ သူလဲ တိုက်ခန်းဝယ်ဖြစ်သွားတယ်။ ကိုယ်ကတော့ ပျော်လို့မဆုံးဘူးပေါ့။ ကိုယ် ကူညီလိုက်လို့ ၀ယ်ဖြစ်သွားတယ်ဆိုပြီး။ အမေနဲ့ အဆင်ပြေတယ်ဆိုပြီးရောဆိုပြီး စိတ်ချ လက်ချနေလိုက်တယ်။ (၇) လအထိ အတိုးပေးပြီးတဲ့နောက်တော့ သူက Online ကနေ စကားပြောချင်တယ်ဆိုပြီး ချိန်းတယ်။

သူက ဘာပြောလဲဆိုတော့ သူအခု အတိုးပေးတာ (၇) လရှိပြီတဲ့။ သူအတိုးပေးရလို့ အရမ်းနစ်နာတယ်တဲ့။ သူအဆင်မပြေဘူးတဲ့။ အတိုးကို လုံးဝ မပေးနိုင်တော့ဘူးတဲ့။ အရင်းကိုလဲ အဆင်ပြေတဲ့အချိန်ပေးမယ်တဲ့။ ဘုရား ဘုရားပေါ့။ ငါချွေးနဲစာနဲ့ ရှာထားတဲ့ပိုက်ဆံတော့ ကုန်ပါပြီပေါ့။ သူက အမေနဲ့ မပြောချင်ဘူးတဲ့။ အမေနဲ့ပြောရင် အမေက ကွိုင်ရှာမှာလေ။ ကိုယ့်ကိုပြောတော့ ကိုယ်က ငအဆိုတော့ ပြန်မပြောတတ်တဲ့လူ ပီပီ သူပြောတာတွေနားထောင်ရင်း ၀မ်းနည်းပက်လက်ဖြစ်နေတာပေါ့။ အဲဒါနဲ့ Internet Line က မကောင်းဆိုတော့ ကိုယ်ပြန်ပြောဖို့ စဉ်းစားနေတာနဲ့ပဲ သူက Out သွားတော့ သူပြောတဲ့အတိုင်း သူပေးမဲ့အချိန် ထိုင်စောင့်ရုံပေါ့။

စိတ်ထဲကတော့ ပြောမိပါတယ်။ `လိုချင်ဦးဟဲ့ အတိုး။ ကူညီချင်ဦးဟဲ့´...ဆိုပြီး။ အမေကတော့ ပွစိ ပွစိပေါ့။ ဒီကြားထဲ ချစ်ချစ်ကလဲ ပူညံပူညံပေါ့။ မချေးနဲ့ဆိုတာ ချေးတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး။ အဲဒီ့အချိန်လောက် စိတ်ရှုပ်တာ မရှိဘူး။

ငယ်ငယ်တုန်းက အဖေပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်။ `ပေးလိုက်၊ ချေးလိုက်´ ဆိုမှတော့ အနောက်က `လိုက်´ တလုံးပါတယ်ဆိုထဲက နင်တို့ `လိုက်´ တောင်းမှ ရမယ်ဆိုတာကို သဘောပေါက်တဲ့။

ဟုတ်ပ။ အခုကိုယ်ကလဲ မပြန်နိုင်ဆိုတော့ သူ့ဆီကပဲ အောက်ကျခံပြီး ကိုယ့်အရင်းလေး ပြန်ရဖို့ကို တဂွမ်ဂွမ်ဖုန်းဆက်ပြီး တောင်းရတော့တာပေါ့။ သူ့ဆီကရတဲ့ အတိုးထက် ဖုန်းခေါ်ခကတောင် ပိုများသေး။

သူကတော့ မယားငယ်ပေး ပေးရှာပါတယ်။ ဒေါ်လာ (၁၀၀) ပေးလိုက်၊ (၂၀၀) ပေးလိုက်နဲ့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အောက်ကျ နောက်ကျနိုင်တဲ့ဘ၀ကို ချက်ချင်းရောက်သွားတော့တာပဲ။ အဲ့ဒီလိုနဲ့ (၃) နှစ်နီးပါး ကြာအောင် စောင့်တောင်းလိုက်တာ အရင်းလေးပြန်ရရှာပါတယ်။ ကိုယ်ပေးလိုက်တုန်းက လုံးခနဲ ခဲခနဲ၊ ကိုယ်ပြန်ရတော့ အစိတ်အစိတ်အမွှာမွှာပေါ့။

အဲ့ဒီလိုနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်ရတယ်။ အဲဒါကတော့ `ပိုက်ဆံ´ ကြောင့်ပေါ့။ အခုတော့ အလတ်မတို့ `တခါသေဖူး ပျဉ်ဖိုးနားလည်´ ဆိုသလို ငွေရေး ကြေးရေးနဲ့ ပတ်သက်လာလျှင် စီးပွားရေးဆန်ဆန်ပဲ လုပ်တော့တယ်။ သူလဲ ကိုယ့်မမုန်း၊ ကိုယ်လဲ သူမမုန်းဘူးပေါ့။

အကြောင်းသင့်လို့ သူ့အကြောင်း စဉ်းစားမိတိုင်း သူပြောနေကြ `တစ်ခါဆက်ဆံ ဆယ်ခါလန်´ ဆိုတာလေးကို ကြားယောင်မိတယ်။ သူကပဲ ကိုယ့်ကို `ဆယ်ခါလန်´ သွားတာလား? ကိုယ်ကပဲ သူ့ကို `ဆယ်ခါလန်´ သွားတာလား? မသိတော့ပါဘူး။

သေချာတာ တစ်ခုကတော့ ကိုယ်ကတော့ အမြဲသတိရနေဆဲပါ။ သူဆက်သွယ်လာမဲ့ နေ့တစ်နေ့ကိုပေါ့။

အားလုံး `တစ်ခါဆက်ဆံ ဆယ်ခါလန်´ နဲ့ ဝေးပါစေ.....

1 comment:

  1. သင်ခန်းစာ လေးတစ်ခုပေါ့ကွယ်.

    ReplyDelete