Saturday 2 July 2011

အွန်လိုင်းချစ်သူ Skype ချစ်သူ

ကျွန်မ မောင်နဲ့ ဆုံတွေ့ခဲ့တာကတော့ စမ်းချောင်းက မနောရမ္မပညာဒါနကျောင်းမှာပေါ့။

အဲဒီ့အချိန်တုန်းက ကျွန်မက မြန်မာ့အသံမှာ အလုပ်ဝင်နေတုန်းအချိန်ပေါ့။ ရုံးအားရက် စနေ၊ တနင်္ဂနွေမှာ ပညာဒါနကွန်ပျူတာ ဆရာမလဲ လုပ်တယ်လေ။

ကျွန်မ သင်တဲ့ ကွန်ပျူတာအခန်းမှာ မောင်နဲ့ သူငယ်ချင်းများက Network လာချိတ်ကြတယ်။ အဲ့ဒီ့အချိန်တုန်းက မောင့်ကို သိပ်ပြီး သတိမထားမိခဲ့ဘူး။ မောင့်နာမည်လေးကိုတော့ သတိထားမိခဲ့တယ်။ ဆရာမ ဂုဏ်နဲ့ညီအောင်လဲ နေရသေးတယ်လေ။

ဒီလိုနဲ့ ကျွန်မတို့ မြန်မာ့အသံက ၀န်ထမ်းတွေကို နေပြည်တော်ပြောင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ကျွန်မလဲ နေပြည်တော်ကို မလိုက်ချင်တာနဲ့ ရုံးကထွက်ပြီး နိုင်ငံခြားထွက်လာခဲ့တယ်။

ဒီလိုနဲ့ ကျွန်းပိစိလေးမှာ သောင်တင်နေခဲ့တယ်။ တစ်နေ့ ကျွန်မ အိမ်ကိုလွမ်းတာနဲ့ ကွန်ပျူတာဖွင့်ပြီး Skype မှာ Phyo လို့ ရိုက်လိုက်တဲ့အချိန်မှာ မောင့်ကို မထင်မှတ်ပဲ ပြန်တွေ့ခဲ့တယ်။ ကျွန်မအောက်က မောင်လေးနာမည်က ဖြိုးကိုကိုမောင်လေ။ မောင်လေးကို လွမ်းလို့ Phyo ရိုက်တာ.... မောင်ဖြစ်လာမဲ့ Phyo နဲ့ ပြန်တွေ့ခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မောင့်ညီမ ၀မ်းကွဲကလဲ ကျွန်မတပည့်မလေးဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ မောင်နဲ့ ပိုပြီး ရင်းနှီးခဲ့တယ်။

မောင်က အဲ့ဒီ့အချိန်ထဲက အင်တာနက်ဆိုင်ဖွင့်ထားတယ်။ မောင်နဲ့ တစ်နေ့လုံးနီးပါး အွန်လိုင်းမှာ တွေ့ဖြစ်ကြတယ်။ မောင်က စကားအပြောကောင်းတယ်။ မောင့်မှာ အွန်လိုင်QQတွေ အများကြီးရှိတယ်။ အဲ့ဒီ့အချိန်တုန်းက ဘာမှ မသိခဲ့ရဘူး။

မောင်ပြောသမျှ ယုံခဲ့တယ်။

အရင်တုန်းက ရုံးမှာ အလုပ်လုပ်တယ်။ မနက်ပိုင်း ဘွဲ့လွန်ဒီပလိုမာသွားတယ်။ စာသွားသင်တယ်။ အဲ့ဒီ့အချိန်က လောကကြီး အကြောင်း၊ လူတွေရဲ့အကြောင်း ဘာမှ မသိခဲ့ဘူး။ အခုလဲ သိပ်မသိသေးပါဘူး။ သင်ယူနေဆဲပါ။

တစ်နေ့ ပျင်းလို့ မောင့်အကောင့်ထဲ ၀င်ကြည့်မှ မောင့်QQတွေနဲ့ Chat ထားတာ တွေ့ခဲ့ရတယ်။ မောင်နဲ့ တစ်သက်လုံးဝေးပြီလို့ တွက်ထားခဲ့တယ်။ မောင့်ကို ချစ်တာ တစ်ဘ၀လုံးအတွက် ချစ်ခဲ့တာကိုး။ မောင်ကိုတော့ ရင်ထဲက အချစ်တွေကို အတိုင်းအတာ တစ်ခုအထိပဲ ပြောဖြစ်တယ်။ အားလုံးကိုတော့ ထုတ်မပြောဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ မောင်နဲ့ ပြဿနာတွေ တက်ကြတယ်။ မောင့်မေမေနဲ့ မောင့်ညီမလေးပါ မောင့်ဘက်က ပြောပေးကြတယ်။ မောင်ကလဲ ကတိတွေအထပ်ထပ်ပေးတယ်။ မောင့်ကို မခွဲနိုင်တာလဲ ပါတာနဲ့ မောင်နဲ့ ပြန်အဆင်ပြေသွားတယ်။

ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ မောင်ကလဲ မြန်မာပြည်ပြန်လာစေချင်တယ်။ ကျွန်မကလဲ ရည်မှန်းချက်တွေ မပြည့်သေးလို့ ပြန်မလာချင်သေးဘူး။ မေမေနဲ့ မိသားစုကိုလွမ်းတာရယ်...မောင့်ကို လွမ်းတာရယ်နဲ့ မြန်မာပြည်ကို အလည်ပြန်သွားခဲ့တယ်။ နှစ်ဖက်မိဘတွေကလဲ သဘောတူ မောင့်ကိုလဲ စိတ်မချတာနဲ့ မောင်နဲ့ စေ့စပ်ခဲ့ပြီး ကျွန်းပိစိလေးကို ပြန်လာခဲ့တယ်။

အခုဆို ဘာလိုလိုနဲ့ မောင်နဲ့ ထပ်ဝေးတာ (၂) နီးပါး ရှိတော့မှာပါလား။


လောကကြီးကပဲ မျက်နှာလိုက်တာလား?

ကံကြမ္မာကပဲ မျက်နှာသာမပေးတာလား?

မောင်နဲ့အတူတူနေဖို့ ကံမပါသေးတာလား?

ကျွန်မကပဲ အတ္တကြီးနေတာလား?

ပိုက်ဆံက အချစ်ထက်ပို အရေးကြီးနေတာလား?

ဘ၀ တစ်ခုတည်ဆောက်ဖို့ ကြောက်နေတာလား?


ဘာကိုမှ မပြောတတ်လောက်အောင်ပါပဲ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ မောင့်ကို မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကို စာလုံးလေးအဖြစ်နဲ့ပဲ ပြောလိုက်တော့မယ်။ ``လွမ်းတယ် မောင်ရယ်´´

ချစ်တဲ့


( ၀န်ခံချက် ... မောင်နဲ့ကျွန်မ တကယ့်ဇာတ်လမ်းလေးပါ။ ၀တ္ထုရေးတာ ၀ါသနာပါပေမဲ့ တစ်ခါမှ မရေးဖြစ်ခဲ့ဘူး။ ဒါလေးကတော့ ပထမဆုံးအကြိမ် ရေးဖြစ်တာလေးပါ။ ``မှားတာရှိ ၀န်တာမိ´´ ပါ )


No comments:

Post a Comment