Friday 1 July 2011

စိန်ရောင်ခြည် ဘုရားပင့်

အင်္ဂီရသဿ ဥဏ္ဏာယ၊

ဒါဌာဟိ သေတရံသိယော။
ဝဇီရာဝ ၀ိရောစန္တိ၊

ဇိနော မေ ဌာတု သီသကေ။

အင်္ဂီရသဿ - အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့် သုံးပါးဆယ်လီ ပါရမီတော် အဟုန်တို့ကြောင့် ခြောက်ရောင်စုံကွန်မြူးလျက် အင်္ဂီရသ ဘွဲ့ထူးခံသည့် ငါးမာရ်နှိမ်ပြီး ဘုရားရှင်ကိုယ်တော် မြတ်ကြီး၏။ ဘမုကန္တရေ - မျက်မှောက်တော် နှစ်သွယ် အလယ် တည့်တည့်၌။
သဉ္ဇာတာယ - နုဖြူထွားထွား ကောင်းစွာ ပေါက်ဖွား၍နေသော။ ဥဏ္ဏာယစ - ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ျာရစ်ခွေရုံ စိန်ကြယ်ပွင့် အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓါတ် လွန်ထူးမြတ်သည့် အရပ်တော်တို့မှလည်းကောင်း။ ဒါဌာဟိ စ - ပတ္တမြားခေါင်ရမ်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်မြတ်လေးဆူ ဖြူရာရာ အရပ်တော်တို့မှလည်းကောင်း။ သေတရံသိယော - ၀ဇီရာနှစ်စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကျက်စီချယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြတ်လေးပန်းစံပယ်ငုံ ကြာဖြူပွင့်ဝတ်မှုံလို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်သကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။ ၀ဇီရာဝ - စိန်နှစ်စိန်သွေး ဖြူဖွေး တောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့။ ၀ိရောစန္တိ - ဖူးမြင်ရသူတို့ စိတ်ဘ၀င်အထူးဘ၀င် ကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော်မူကြပါပေကုန်၏။ သောဇိနော - ထိုထူးထွေဆန်းလည် စိန်ရောင်ခြည်အဆင်းကဲ့သို့ ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ မေ မမ- တပည့်တော်၏။ သီသကေ - ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဌာတု - မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် ရပ်တံ့တည်နေတော် မူလှည့်ပါ စိန်ရောင်ခြည်နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

ဖြိုးမမ (ခ) ရှင်ထွေးလေး (Nicosia, Cyprus) မှ ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment