Monday 19 March 2012

Facebook က Relationship Status အကြောင်း


အခုတလော အလုပ်တွေများနေတာနဲ့ပဲ blog ထဲမှာ စာမတင်နိုင်တာကို ခွင့်လွှတ်ပေးကြပါနော်။
ဘာရယ်မဟုတ်ပါဘူး.... အခုပဲ သူငယ်ချစ်တစ်ယောက် Facebook မှာ Status ပြောင်းတာကို သတိရပြီး တင်လိုက်တာပါ...

အင်္ဂလိပ်ဝေါဟာရက ခံယူတဲ့လူအပေါ်မှာ နဲ့ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဘာသာပြန်ကြတယ် မှတ်လား...

Facebook က Relationship Status အကြောင်းကို မသိသေးသူများအတွက် တင်ပေးလိုက် ပါတယ်.... ခဏခဏ မမေးအောင်လို့ပါ.... :D

Understand there are certain difference between men and women, and have ran a series of classified case studies in order to determine what these various status mean to each gender. They are the following:

Thursday 8 March 2012

လောင်းရိပ်မိတဲ့ပန်း

မိဘရဲ့ လောင်းရိပ်ကို တချို့လူတွေက ကြိုက်ကြတယ်။ တချို့လူတွေက မုန်းကြတယ်။ ကြိုက်တဲ့လူတွေက မိဘကိုချစ်တာလဲပါသလို၊ အပျင်းကြီးပြီး မိဘလုပ်စာ ထိုင်စားချင်တဲ့လူတွေလဲပါလို၊ တစ်ဦးထဲသော ကျန်ခဲ့သော အမေမို့၊ အဖေမို့ဆိုပြီး အကြောင်းအမျိုးမျိုးတွေပြကြတယ်။

မုန်းတဲ့လူတွေကတော့ ဘ၀ကိုတိုးတက်ချင်တဲ့စိတ်ရှိတဲ့လူ၊ လွတ်လွတ်လပ်လပ်နေချင်တဲ့လူ၊ မိဘကို အဝေးကနေ ထောက်ပံ့ချင်တဲ့လူ၊ နားညည်းတဲ့ဒဏ်၊ အိမ်ပူတဲ့ဒဏ်တွေကို မခံနိုင်တဲ့လူများက မိဘလောင်းရိပ်ကနေ ကိုယ်လွတ်ရုန်းကြတယ်။

အလတ်မရဲ့ ကိုယ်တွေ့ဘ၀လေးကိုပြောပြရမယ်ဆိုရင် အလတ်မရဲ့ ဖေဖေဟာ မိဘလောင်းရိပ်မိခံရတဲ့လူ တစ်ယောက်ဖြစ်တယ်။ အခုအချိန်ထိလဲ မိနေတုန်း၊ နောင်တရနေတုန်းပဲ။ အလတ်မ ငယ်ငယ်ထဲက အမြဲ ကြားနေကျ စကားတွေက “ငါ မိဘလောင်းရိပ်မိနေလို့ ငါဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ၊ မလုပ်ခဲ့ရတာ” “အခုဆို ငါ့သူငယ်ချင်းတွေ ရန်ကုန်မှာ အရမ်းအောင်မြင်နေတာ၊ အရမ်းချမ်းသာနေတာ၊ ငါအသုံးမကျလို့ ဒီလိုဖြစ်ရတာဆိုပြီး” ဖေဖေပြောလေ့ရှိတာတွေပါပဲ။

အလတ်မရဲ့ ဖေဖေဟာ အနုပညာကို အရမ်းဝါသနာပါသူဖြစ်တယ်။ ပန်းချီဆွဲတယ်၊ ဒီဇိုင်းထွင်တယ်၊ အိမ်က လုပ်ငန်းကြော်ငြာဆိုင်းဘုတ်တောင် ကိုယ့်ဖာသာ လုပ်တယ်၊ အားကစားတံဆိပ်ရိုက်တတ်တယ်။ ယောက်ျားဝတ် ဘလော့စ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီတွေကို ကိုယ်တိုင်ချုပ်တတ်တယ်။ ဓါတ်ပုံကိုလဲ Professional ရိုက်တတ်တယ်။ ကိုယ်တိုင်စိုက်တဲ့ ပန်းဥယျာဉ်လေးရှိတယ်။

ဖေဖေက သူလုပ်ချင်တဲ့ အနုပညာလုပ်ငန်းကို ရန်ကုန်မှာ လုပ်ချင်တယ်။ အဖွားက ခွင့်မပြုဘူး။ ရန်ကုန်ကို အကြာကြီးဆင်းသွားရင်တောင် နေမကောင်းလို့ ပြန်လာပါဆိုပြီး ခေါ်လို့ အလုပ်တစ်ဖက်နဲ့ ပြန်ပြေးရတယ်။ အိမ်ပြန်ရောက်တော့ အကောင်းကြီး။ စိတ်ဆိုးလို့ ဆင်းသွားရင်လဲ ပြန်လိုက်ခေါ်တယ်။

ဒီလိုနဲ့ ဖေဖေလဲ အိမ်ထောင်ကျပြီးတော့ မွေးရပ်ဇာတိမှာပဲ နေဖြစ်တယ်။ အဖွားက အဝေးကြီးထွက်သွားမှာစိုးလို့ သူ့ခေါင်းရင်းက ပိုနေတဲ့ အခြမ်းကို အမွေသဘောနဲ့ရောင်းပြီး နေစေတယ်။ ဒီလိုနဲ့ ဖေဖေလဲ လောင်းရိပ်ဘ၀ကြီး ထဲက ရုန်းမထွက်နိုင်ခဲ့ဘူး။

သူကိုယ်လွတ်မရုန်းနိုင်တိုင်း သူ့ရင်ထဲက နောင်တတွေကို သားသမီးတွေကို ပြောပြောပြလေ့ရှိပြန်တယ်။ အဖွားက “ငါသေမှ နင်လုပ်ချင်ရာလုပ်” လို့ အမိန့်ထုတ်ထားတော့ ဘာလုပ်လို့ရဦးမှာလဲ။ အခုဆို ဖေဖေလဲ အသက်တွေလဲကြီးပြီမို့ တော်ရာမှာပဲ နေရတော့တာပေါ့။ အလတ်မ အနေနဲ့တော့ သင်ခန်းစာ ရသွားတာပေါ့။

အဲ့ဒီ့အချိန်ကစပြီး အလတ်မကတော့ မိဘလောင်းရိပ်ကို မုန်းတဲ့လူဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ မိဘကို မချစ်လို့တော့မဟုတ်ဘူး။ တိုးတက်ချင်တယ်၊ ထောက်ပံ့ချင်တဲ့စိတ်နဲ့ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်” စိတ်ဓါတ်ရှိတာလဲ ပါမပေါ့လေ။

အလတ်မ လောင်းရိပ်ကို ဘယ်လောက်ကြောက်သွားသလဲဆို “ဆယ်တန်း” အောင်စာရင်းထွက်ပြီးတာနဲ့ ရန်ကုန်ကို တန်းပြေးတော့တာပဲ။ ကိုယ် ၀ါသနာပါတဲ့ ကွန်ပျူတာအကြောင်းလေ့လာရင်း ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကို ဒိုင်ယာရီစာအုပ်မှာ ချရေးရင်းနဲ့ အောင်မြင်မှုတွေကို ကိုယ့်ဖာသာ ဆွတ်ခူးနေခဲ့တယ်။ (အလတ်မကတော့ ဖြစ်ချင်တာတွေကို စာရင်းလုပ်ထားတယ်။ ပြီးရင် တစ်ခုပြီး တစ်ခု အောင်မြင်အောင် လုပ်တယ်။ လုပ်ပြီးတာနဲ့ အမှန်ခြစ်လေး ခြစ်ထားလိုက်တယ်။) အဲ့ဒီ့ အမှန်ခြစ်တွေကို ပြန်ကြည့်ရင်းနဲ့ပဲ ဘ၀အမောတွေကို ဖြေဖျောက်နေရတယ်။

အဓိက အလတ်မ ပြောချင်တာကတော့ ယခုခေတ် အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ လူငယ်တွေကို ကိုယ့်အားကိုယ်ကိုး စေချင်တယ်။ မိဘဘယ်လောက်ချမ်းသာ ချမ်းသာ ကိုယ့်ဘ၀တစ်သက်သာလုံးအတွက် အခိုင်အမာဆုံးနဲ့ ပွဲလယ်အတင့်ဆုံး ပညာကို ကြိုးစားပြီးသင်ယူစေချင်တယ်။ ဘယ် အသက်မွေးဝမ်းကျောင်း ပညာမဆို တစ်ချိန်ချိန်မှာ အသုံးဝင်တာကိုလဲ သိစေချင်တယ်။ ဖိနပ်ချုပ်၊ ထီးပြင်တာကအစ ဘယ်အရာမဆို တတ်ထားတော့ ထမင်းမငတ်ဘူးပေါ့။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ ကုဋေရှစ်ဆယ်သူဋ္ဌေးသားလို ဘ၀မျိုးမရောက်ရဘူးဆိုတဲ့ စိတ်ဓါတ်မျိုးတွေလဲ ရှိစေချင်တယ်။

တချို့နိုင်ငံခြား တိုင်းပြည်တွေမှာဆို အသက် (၁၈)နှစ် ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လူကြီးစာရင်းသွင်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတယ်။ မိဘကို အားမကိုးတော့ဘူး ကျောင်းတက်တာကအစ ကိုယ့်စားရိတ်နဲ့ ကိုယ်တက်ကြတယ်။ ကျောင်းချိန်ပြင်ပ အချိန်ပိုင်း အလုပ်လုပ်ပြီး ၀င်ငွေရှာပြီး ပညာကို အပတ်တကုပ် လေ့လာ ဆည်းပူးကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံကြီးတွေမှာ အများဆုံး တွေ့ရလေ့ရှိတယ်။ မြန်မာလူငယ်တွေကို ဒီလို အတုယူစေချင်တယ်။ တချို့လူငယ်တွေ အချစ်ကြောင့် ဘ၀ပျက်တာတွေကိုလဲ မြင်တွေ့နေရတော့ တကယ်တော့ အချစ်ဆို ဘ၀တစ်ခုလုံးအတွက် ပြောပလောက်အောင် အရေးမပါ ပါဘူးဆိုတာ ပညာရှိတဲ့ လူတိုင်း လက်ခံကျင့်သုံးခဲ့တယ်ဆိုတာကို သိစေချင်တယ်။ ငယ်ငယ်တုန်းကတော့ အချစ်ဟာ ကမ္ဘာမှာ အရေးအပါဆုံးလို့ ထင်ပေမဲ့ အသက်အရွယ်ရလာ ရင့်ကျက်လာတဲ့အချိန်မှာ အချစ်ဟာ အစိတ်အပိုင်း တစ်ခု လောက်ပဲအရေးပါတော့တယ်ဆိုတာ သိလာကြမှာပါ။

ဒီစာစုလေးထဲကအတိုင်း ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်ပြီး နမူနာယူစေချင်ပါသည်။

`လူမိုက်သည် အမှားကိုကိုယ်တိုင်ကျူးလွန်ပြီးမှ သိ၏၊
လူလိမ္မာသည် သူတပါးကျူးလွန်ပြီးသောအမှားကို သင်ခန်းစာယူ၏။
ပညာရှိကမူ အကြောင်းကိစ္စတို့ကို မဖြစ်ခင်ကပင်
အမှားအမှန်ခွဲခြားနိုင်၏။´


တချို့မိဘလောင်းရိပ်က ဝေးနေတဲ့ လူငယ်တွေကိုလဲ သတိပေးချင်ပါတယ်။ ငါ မိဘလောင်းရိပ်အောက်က လွတ်ပြီဆိုပြီး “ဇောင်းထဲက လွတ်တဲ့ မြင်းလို ကစုန်ပေါက်ပြီး မထွက်စေချင်ဘူး” ငါလုပ်ချင်ရာ လုပ်မယ်၊ အမေလဲ လိုက်မကြည့်နိုင်ဘူး။ အဖေလဲ လိုက်မကြည့်နိုင်ဘူးဆိုပြီး နေချင်သလိုနေ၊ စားချင်သလိုစား၊ မပေါင်းသင့်တဲ့ လူနဲ့ ပေါင်း၊ မကြိုက်သင့်နဲ့လူနဲ့ ကြိုက်ပြီး ပျက်စီးနေမယ်ဆိုရင် လောကမှာ ကိုယ့်လောက် ပညာမဲ့တဲ့လူ မရှိဘူးလို့ သတ်မှတ်သင့်ပါတယ်။ အဲ့ဒီလိုတွေ ပျက်စီးနေမယ်ဆိုရင် မိဘတွေဘယ်လောက် စိတ်ဆင်းရဲရလဲ? ကိုယ့်ဘ၀မှာကော လူတွေက အယုံအကြည် ရှိပါဦးမလား? ချစ်သူကကော အားကိုးလောက်တဲ့ ယောက်ျားအဖြစ်သတ်မှတ်နိုင်ပါ့မလား? ဆိုပြီး ကိုယ့်ဘ၀ကို ပြန်ပြီး တွေးတောဆင်ခြင်သင့် ပါတယ်။ အောင်မြင်တဲ့လူတချို့ဟာ ကိုယ့်ကိုကိုယ်ယုံကြည်ကြတယ်။

အလတ်မရဲ့ သူငယ်ချင်းတစ်ယောက်ဆို မိဘလောင်းရိပ်အောက်က အခုထိ ရုန်းမထွက်နိုင်သေးဘူး။ 2006 ခုနှစ်က သူ အင်တာနက်ဆိုင်စဖွင့်တော့ သူ့မိဘတွေက တိုက်ခန်းတစ်ခန်းရင်းပြီးတော့ ဖွင့်ပေးခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက အင်တာနက်ဆိုင်က သိပ်မပေါသေးတော့ အလုပ်အရမ်းဖြစ်တယ်။ သူရှာသမျှ ပိုက်ဆံကို သူ့အိမ်က သိမ်းတာပဲ။ သူကလဲ အသုံးကြမ်းတယ်။ အခုအချိန်မှာ အင်တာနက်ဆိုင်တွေက မှိုလိုပေါက်လာတော့ သူ့ဆိုင်လဲ အလုပ်မဖြစ်၊ ကိုယ့်ဆိုင်လဲ အလုပ်မဖြစ်ဘူး။ သူရှာတဲ့ နေ့တိုင်းဝင်ငွေကို သူ့အိမ်က သိမ်းတုန်းပဲ။ အခု သူအိမ်ထောင်ပြုတော့မယ်ဆိုတော့ သူက သူ့ကောင်မလေးဆီမှာ မင်္ဂလာဆောင်ဖို့အတွက် လတိုင်း ပိုက်ဆံစု တယ်။

တစ်နေ့ သူ့ကောင်မလေးက ဒေါသတကြီးနဲ့ရင်ဖွင့်တယ်။ သူ့ယောက္ခမလောင်းကပြောတယ်တဲ့။ သူ့သား ရှာတဲ့ ပိုက်ဆံက သူဖြုန်းတာနဲ့တင် ကုန်ပြီတဲ့။ ပိုက်ဆံစုနေတာကလဲ သူရင်းပေးထားတဲ့ပိုက်ဆံပေါ့။ အဲ့ဒီ့တော့ သူပြောချင်တဲ့ အဓိပ္ပါယ်က “နင်တို့ မင်္ဂလာဆောင်ဖို့ စုတဲ့ပိုက်ဆံက ငါ့ပိုက်ဆံဆိုတော့... ငါဆောင်ပေးတဲ့ ပွဲပေါ့” လို့ မပြောယုံတမယ်ပါပဲတဲ့။ ကောင်မလေးလဲ စဉ်းစားနေပါတယ်။ သူ့ကောင်လေးကို ဘ၀လက်တွဲဖော် အဖြစ် ရွေးသင့်/ မရွေးသင့်ကိုပေါ့။

အလတ်မတို့များ နိုင်ငံခြားမှာ (၆) နှစ် ကျွန်ခံတာ တိုက်ခန်းတစ်ခန်းရတယ်။ အဲ့ဒီ့သူငယ်ချင်း သူ့မိသားစုဆီမှာ (၆) နှစ် ကျွန်ခံတာ တပြားမှ မရတဲ့အပြင် သူ့အဖေ၊ အမေနဲ့ ညီမ၊ အစ်ကိုတွေက ကျေးဇူးတင်စကားတစ်ခွန်း မပြောတဲ့အပြင် သူရှာတာ သူဖြုန်းတာနဲ့ ကုန်တယ်လို့ ပြောရက်တယ်။ သူဖွင့်တဲ့ဆိုင်က ရတဲ့ပိုက်ဆံတွေက ဘယ်ရောက်ကုန်လဲ? ဘယ်သူ သိမ်းတာလဲ? လို့သာ မေးလိုက်ချင်တော့တယ်။ ကိုယ့်သားသမီးကို မိဘ၀တ္တရားအတိုင်း လုပ်မပေးတဲ့အပြင် သူတို့မို့ ပြောထွက်တယ်။ အံ့သြပါရဲ့ လောကကြီးရယ်....

သူငယ်ချင်းတို့လဲ အရိပ်တကာ့ အရိပ်ထဲမှာ မိဘလာင်းရိပ်က ကင်းဝေးကြပါစေလို့ ဆန္ဒပြုလျှက်
ရှင်ထွေး